Connect with us

Hi, what are you looking for?

သတင်း

KIAပြောပြတဲ့ ကချင်မြို့နယ်လေးခုရဲ့ လတ်တလော စစ်ရေးအခြေအနေများ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေရဲ့ လတ်တလော စစ်ရေးအခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နိုဝင်ဘာ ၂၇ရက်မှာ ရှင်းလင်းဖြေကြားပေးထားပါတယ်။

KIA, KPDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- Sirinda

နိုဝင်ဘာ-၂၇၊ ၂၀၂၅။ ပုရစ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေရဲ့ လတ်တလော စစ်ရေးအခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နိုဝင်ဘာ ၂၇ရက်မှာ ရှင်းလင်းဖြေကြားပေးထားပါတယ်။

KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာလဆန်းက စတင်ခဲ့တာဖြစ်ပြီး တနှစ်ကြာတဲ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကာ အပြန်အလှန် ထိုးစစ်ဆင်မှုတွေရှိနေပါတယ်။

အလားတူ KIA စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေနှစ်ဝက်လောက်ကြာ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက ဖားကန့်ကို စစ်အင်အားတွေဖြည့်တင်းပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ရှိနေသလို စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေရပါတယ်။

Public Service Announcement

Public Service Announcement

၀ိုင်းမော်မြို့နယ်မှာလည်း စစ်ကောင်စီဟာ ပြည်သူ့စစ်အင်အားတွေ စုစည်းပြီး ထိုးစစ်ဆင်နေလို့ အခု နှစ် နွေကာလက စပြီး တိုက်ပွဲတွေရှိနေတာပါ။

KIAနဲ့ မဟာမိတ်တပ်တွေဟာ ၂၀၂၄ မတ်လ ၇ရက်က စပြီး ၀ိုင်းမော်မြို့နယ်က စစ်ကောင်စီ တပ်ရင်းဌာနချုပ်အချို့နဲ့ ဗျူဟာကျတဲ့ တပ်စခန်းတွေအပါအဝင် ကချင်ပြည်နယ်က တပ်စခန်းရာချီကို သိမ်းပိုက်နိုင်ခဲ့သလို မြန်မာ-တရုတ် နယ်စပ်မြို့တွေအပါအဝင် စစ်ကောင်စီနဲ့ ပြည်သူ့စစ် ထိန်းချုပ်ရာမြို့တွေ၊ နယ်မြေတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီက စိုးမိုးထိန်းချုပ်နယ်မြေတွေပြန်ရဖို့ ကြိုးပမ်းတာ၊ ဝိုင်းမော်မြို့နယ်က လက်ကျန် တပ်ရင်းဌာနချုပ်လုံခြုံရေးအတွက် ရည်ရွယ်ပြီး စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

ခေါင်လန်ဖူးမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ KIA သိမ်းထားတဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို ပြန်ရဖို့ ပြီးခဲ့တဲ့ လအနည်းငယ်က ကြိုးပမ်းလာလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လန်ဆယ်ကို သိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဟာ KIA ပူးပေါင်းတပ်ရဲ့ ခုခံမှုကြောင့် လန်ဆယ်ထိုးစစ်တန်လန်ခဲ့ရတဲ့အပြင် KIA ရဲ့ တန်ပြန်ထိုးစစ်မှာ ခေါင်လန်ဖူးဒေသက စစ်ကောင်စီ တပ်စခန်းအချို့ သိမ်းပိုက်ခံရသလို ခေါင်လန်ဖူး၊ ပူတာအိုမြို့တွေက စစ်ကောင်စီတပ် လုံခြုံရေးအတွက်ပါ စိုးရိမ်နေကြရတဲ့ အခြေအနေ ကြုံနေရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ရှင်းပြချက်တွေကို ရေးသားဖော်ပြလိုက်ပါတယ်။

■ဗန်းမော်စစ်ရေးအခြေအနေ

ဗန်းမော်မြို့ဘက်က စစ်ရေးအခြေအနေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းတွေလည်း မိုးမောက်ဘက်ကို တက်သွားတဲ့ ၃မိုင်နေရာဘက်မှာ ပိုပြီးမှ သူတို့ ထိုးစစ်ဆင်တာကို တွေ့ရပါတယ်။

နောက် သုံးမိုင်ကနေ ခလရ(၄၇)ဘက်ကို ပေါက်တဲ့ ရပ်ကွက်(၁) မြို့သစ်ပေါ့ အဲဒီလမ်းကြောဘက်မှာလည်း သူတို့ ထိန်းချုပ်နိုင်ဖို့အတွက် အကြီးအကျယ် ထိုးစစ်ဆင်တာတွေ့ရပါတယ်။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေလည်း သူတို့ ထိုးစစ်ဆင်တဲ့ နေရာတိုင်းမှာခုခံတိုက်ပွဲက နေ့တိုင်းဖြစ်ပါတယ်။

သူက လက်နက်ကြီးနောက် လေကြောင်းကို အားပြုပြီးမှ မြေပြင်ကနေလည်း သာလွန်အင်အားစုပြီးမှ တက်လာတဲ့ စစ်ဆင်ရေးတွေဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့ နေ့တိုင်းလို တိုက်ပွဲဖြစ်ပါတယ်။

တချို့နေရာမှာတော့ ကျနော်တို့လည်း ဆုတ်ပေးတဲ့နေရာ တွေလည်း ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့ အခိုင်အမာ ကျနော်တို့ စခန်းချထားတဲ့နေရာတွေတော့ ဆုတ်တဲ့နေရာမှာ မပါပါဘူး။

■၀ိုင်းမော်စစ်ရေးအခြေအနေ

၀ိုင်းမော်မြို့နယ် လမြန်ဘက်မှာလည်း မြေပြင်ကနေ ထိုးစစ်ဆင်တာ အဲဒီလောက်ကြီးမဟုတ်ဘူး။

ဒါပေမဲ့ လက်နက်ကြီးတို့ ဒရုန်းတို့ လေကြောင်းနဲ့ကတော့ နေ့တိုင်းလိုပစ်ပါတယ်။ သူတို့ရဲ့ လက်လွှတ်ခဲ့တဲ့ ရွှေညောင်ပင်စခန်းဘက်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ့ရပါတယ်။

ပြည်သူလူထုရဲ့ အိမ်တွေထိခိုက်တာရှိတယ်။ နောက် လမြန်ဘက်မှာလည်း သူတို့ အမြဲတမ်းလို ထိုးစစ်ဆင်ဖို့ မြေပြင်ကနေ ပြင်ဆင်တာတွေ့ရပါတယ်။ အဲဒီမှာ ကျနော်တို့လည်း အမြဲတမ်း စောင့်ကြည့်ပြီးမှ တိုက်ခိုက်နေတာဖြစ်ပါတယ်။

■ဖားကန့်စစ်ရေးအခြေအနေ

ဖားကန့်ဘက်မှာတော့ မြို့တွင်းမှာ သူတို့ရဲ့ စစ်ကြောင်းတွေထိုးပြီးမှ မြို့တွင်းမှာ လှုပ်ရှားတာ။ လှုပ်ရှားတဲ့အခါကျတော့ တိုက်ပွဲတွေ ဖြစ်တာ။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေ KPDF တွေလည်း အမြဲတမ်းစောင့်ကြည့်နေတယ်။ ဒါကြောင့် သူတို့လှုပ်ရှားတဲ့နေရာ တိုက်ပွဲဖြစ်ပါတယ်။ သူတို့ကတော့ အခုထိကတော့ ရန်သူရှိရှိ မရှိရှိ ဘာမှ ဂရုမစိုက်ဘူး။

သူတို့က ပြည်သူလူထု ရှိတဲ့ဘက်မှာ ရပ်ကွက်တွေမှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အမြဲတမ်းဗုံးကြဲတာရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေ ထိခိုက်တာတွေ သူတို့ အိမ်တွေပျက်စီးတာတွေရှိပါတယ်။ နောက် တနေ့ကတော့ ဖားကန့်ဘက်မှာ သူတို့ မဲဆွယ်ဖို့ ဆိုင်းဘုတ်တွေထောင်တယ်ဆိုတဲ့ သတင်းလည်းကြားပါတယ်။ အတိအကျတော့ မသိရသေးပါဘူး။

■ခေါင်လန်ဖူးဒေသ စစ်ရေးအခြေအနေ

ခေါင်လန်ဖူးဘက်မှာကတော့ ခေါင်လန်ဖူးဘက်ကနေ ကျနော်တို့ လန်ဆယ်ဘက်ကို သူတို့က စစ်ဆင်ရေးလုပ်တာရှိပါတယ်။ အဲဒီဘက်မှာလည်း ကျနော်တို့ဘက်ကနေ နေ့တိုင်းလို ခုခံပြီးမှ တိုက်ပွဲတွေရှိပါတယ်။ သူတို့က လေကြောင်းနဲ့ ပစ်ကူတာရှိတယ်။ သူတို့ စစ်ကူတွေလည်း ပူတာအိုဘက်ကနေ လေကြောင်းနဲ့ ပို့ပေးတာတွေရှိပါတယ်။ အဲဒါကြောင့် အဲဒီဘက်မှာတော့ နေ့တိုင်းလို တိုက်ပွဲရှိတယ်။

စစ်ရေးတင်းမာတဲ့အနေအထားဖြစ်ပါတယ်။ ပူတာအိုကနေ လုံရှာယာန် တန်ဂျာဘက် နောက် အဲဒီကနေ အင်ခါးဂါးဘက် မလိခဘက်မှာလည်း စစ်ကြောင်းတွေဆင်းပြီးမှ သူတို့ရဲ့ ပူတာအို လုံခြုံရေးအတွက် သူတို့ တင်းတင်းကြပ်ကြပ် နေရာယူထားတာတွေ့ရပါတယ်။ ကချင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေကတော့ အကြမ်းဖျဉ်းဒီလိုရှိပါတယ်။

KIAဟာ ကချင်ပြည်နယ်အပြင် ရှမ်းမြောက်မှာလည်း တပ်မဟာတွေ စုဖွဲ့တည်ရှိတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသနဲ့ မဘိမ်းမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ရှမ်းမြောက် ဒေသစစ်ရေး အခြေအနေတွေကိုလည်း ထပ်မံ ဆက်သွယ်မေးမြန်းထားပြီး ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားမှု ရရှိပါက ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။