အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။
အဆောက်အအုံတွေ မွမ်းမံတည်ဆောက်နေမှုမှာ ငြမ်းဆင်ရင်း လုံခြုံရေးအတွက် အသုံးပြုတဲ့ အဲဒီပိုက်တွေ အားလုံးကို အခုသီတင်းပတ် အကုန်မှာ ဖယ်ရှားရမယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။
နိုဝင်ဘာ လကုန်ပိုင်းက ဟောင်ကောင်ရဲ့ အထပ်မြင့်တိုက် ၈ လုံးပါတဲ့ Wang Fuk Court အိမ်ရာထဲမှာ တိုက်ကြီး ၇ လုံး မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ၁၅၉ ဦး သေဆုံးခဲ့သလို ၃၁ ဦး ပျောက်ဆုံးနေဆဲပါ။ ပျောက်ဆုံးနေသူတွေဟာ လုံးဝဥဿုံ မီးသင့် လောင်ကျွမ်းခံရလို့ အလောင်းရှာမတွေ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။
ဟောင်ကောင် သမိုင်းမှာ အဆိုးဆုံး စာရင်းဝင် မီးဘေးဟာ အဲဒီအိမ်ရာထဲက တိုက်တွေကို ပြန်လည် ပြင်ဆင် မွမ်းမံနေချိန်မှာ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ တိုက်တွေကို ပြန်ပြင်ဖို့အတွက် ဝါးငြမ်းတွေ ဆင်ထားခဲ့သလို အစိမ်းရောင် လုံခြုံရေး ပိုက်တွေလည်း ချိတ်တွယ်ထားခဲ့တာကြောင့် မီးလောင်တဲ့ အခါမှာ ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်စေခဲ့တယ်လို့ မီးသတ်တွေက ပြောပါတယ်။ ဝါးငြမ်းတွေနဲ့ အဲဒီပိုက်တွေဟာ မီးဘေး လုံခြုံရေး စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိပေမယ့် ဟောင်ကောင်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် အများအပြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။

Public Service Announcement
ဟောင်ကောင် အစိုးရရဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ လင်ဟိုဟိုက ငြမ်းဆင်ရာမှာ သုံးတဲ့ ပိုက်တွေကို ဖြုတ်ချရမယ့် ညွှန်ကြားချက်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ငြမ်းဆင်တဲ့အခါ အသုံးပြုရမယ့် ပစ္စည်း အမျိုးအစား စံနှုန်း အသစ်တွေကိုလည်း နောက်လထဲမှာ သတ်မှတ် ကြေညာသွားမယ်လို့ ပြောပါတယ်။
တရုတ် ပိုင်နက်ဖြစ်တဲ့ ဟောင်ကောင်မှာ လောလောဆယ် ပုဂ္ဂလိကပိုင် အဆောက်အအုံ ၂၀၀ နဲ့ အများပိုင် အဆောက်အအုံ ၁၀ ခုကို ပြန်လည် ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်နေပါတယ်။ ဟောင်ကောင် အခြေစိုက် တောင်တရုတ် မနက်ခင်း သတင်းစာကတော့ ညွှန်ကြားချက် အသစ်ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ပေါင်း ၃၀၀ လောက်အပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းသုံး လုံခြုံရေး ပိုက်တွေမှာ စံနှုန်းမမီတာတွေ အသုံးပြုမှုကို ထိထိရောက်ရောက် ချိုးနှိမ်သွားမယ်လို့ လူထုကို ကတိပေးကြောင်း လင်က ပြောင်ပါတယ်။ တချို့နေရာတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး လုံခြုံရေး ပိုက်တွေရဲ့ စံနှုန်း အရည်အသွေးကို စစ်ဆေးဖို့ နမူနာတွေ စတင် ယူဆောင်နေပြီလို့လည်း သိရပါတယ်။
Wang Fuk Court အိမ်ရာ မီးလောင်မှုမှာတော့ ငြမ်းတွေနဲ့ တွဲထားတဲ့ လုံခြုံရေး ပိုက်တွေက လောင်စာအဖြစ် အားဖြည့်ပေးတာကြောင့် မီးဟာ ခပ်မြန်မြန် ကူးစက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လူအများအပြား သေဆုံးခဲ့တဲ့ အိမ်ရာ မီးလောင်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီက အရာရှိတွေ အပါအဝင် လူ ၁၅ ဦးထက် မနည်းကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC


















































