ဟောင်ကောင်က အိမ်မွေးတိရစ္ဆာန်တွေ ယာယီ ထိန်းသိမ်းစောင့်ရှောက်ပေးရာ ဟိုတယ် (pet hotel) တစ်ခုမှာ ခွေးတစ်ကောင် ကိုက်သတ်လို့ ဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။
ဩဂုတ် ၂၀ ရက်နေ့က pet hotel အဆောက်အအုံထဲမှာ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့ကြောင်း၊ စုံစမ်းမှုတွေအရ သူဟာ ခွေးတစ်ကောင်ရဲ့ ရက်ရက်စက်စက် ကိုက်သတ်ခြင်းကို ခံထားရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဟောင်ကောင်ရဲက တာကူလင်း ခရိုင်ထဲက ပင်ယွမ်ကျေးရွာက pet hotelမှာ အမျိုးသမီးတစ်ဦး လဲကျနေတာကို တွေ့ရှိကြောင်း သတင်းပေး တိုင်ချက်ကြောင့် သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်သွားချိန်မှာ အမျိုးသမီးဟာ အသက်မရှိတော့ဘူးဆိုတာ အတည်ပြုခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ မက်သရူးချန်းက ဆိုပါတယ်။
ရဲတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ရောက်သွားတဲ့ အချိန်ထိ တိုက်ခိုက်ခဲ့တဲ့ ခွေးဟာ အမျိုးသမီးရဲ့ အလောင်းနားမှာ ရစ်သီရစ်သီ လုပ်နေဆဲလို့ သိရပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ အစိုးရဆီမှာ တရားဝင် လိုင်စင်ယူပြီး ဖွင့်လှစ်ထားတဲ့ pet hotelနဲ့ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေး စင်တာတစ်ခုပါ။

Public Service Announcement
လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ အမျိုးသမီးဟာ ခွေးကို အစာကျွေးပြီးတဲ့နောက် လှောင်အိမ်ထဲ ပြန်ဝင်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ ဒါပေမဲ့ ခွေးက မလိုက်နာဘဲ သူ့ကို တိုက်ခိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ချိန်က အဲဒီအဆောက်အအုံထဲမှာ အမျိုးသမီး တစ်ဦးတည်းသာ ရှိနေခဲ့ကြောင်း ချန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ တစ်မိနစ်လောက် ကြာမြင့်ခဲ့ပြီး တခြားခွေး ၆ ကောင်ကတော့ လှောင်အိမ်တွေထဲမှာပဲ ရှိနေခဲ့ကြောင်း၊ ဒီဖြစ်ရပ်မှာ ပြင်ပက မသမာသူ တစ်ဦးဦး စွက်ဖက်တဲ့ ပယောဂမျိုးတော့ မတွေ့ရကြောင်းလည်း ချန်းက ဆိုပါတယ်။ အမျိုးသမီးရဲ့ အလောင်းမှာတော့ ဦးခေါင်း၊ လည်ပင်းနဲ့ လက်မောင်းတို့မှာ ကိုက်ရာတွေ၊ ကုတ်ရာတွေ တွေ့ရှိခဲ့ပါတယ်။
တိုက်ခိုက်မှုမှာ ပါဝင်တဲ့ ခွေးဟာ ၁ မီတာရှည်ပြီး ရွာခံ လေလွင့်ခွေး တစ်ကောင် ဖြစ်ပါတယ်။ ဩဂုတ် ၁၁ ရက်နေ့တုန်းက ရွာသားတွေက အဲဒီခွေးကို ဖမ်းခေါ်လာပေးပြီး မွေးစားမယ့်သူကို စောင့်ဆိုင်းနေဆဲလို့ ဆိုပါတယ်။ အဲဒီခွေးဟာ ဟောင်ကောင်မှာ တင်သွင်းခွင့်နဲ့ သားဖောက်ခွင့် ပိတ်ထားတဲ့ pit-bull မျိုးစပ်လို့ ယူဆရပါတယ်။ ရဲတွေက လူသေမှုနဲ့ ပတ်သက်လို့ သေမှုသေခင်းဆိုင်ရာ ဆေးစစ်မှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။
နောက်ပြီးတော့ ဒီဖြစ်ရပ်မှာ လူသေတဲ့ထိ ပေါ့လျော့မှုမျိုး ဆက်နွှယ်ပတ်သက်မှု ရှိသလား ဆိုတာကိုလည်း ဆက်လက် စစ်ဆေးနေကြောင်း သူက ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ ခွေးကို သီးသန့်ခွဲခြား စောင့်ကြည့်နေပြီး ဘယ်လို အရေးယူ စီမံမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
မကြာသေးခင်က ဟောင်ကောင်မှာ ကီလိုဂရမ် ၆၀ လောက် အလေးချိန်ရှိပြီး ပိုင်ရှင်က သေချာ ထိန်းသိမ်းမထားတဲ့ ခွေးကြီးတစ်ကောင်က လူစည်ကားရာ နေရာတစ်ခုမှာ ခွေးသေးသေးလေး နှစ်ကောင်ကို မိနစ်ပိုင်းပဲခြားပြီး အသေကိုက်သတ်ခဲ့တဲ့ ဖြစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ရဲတွေက ခွေးပိုင်ရှင်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။
ဟောင်ကောင်မှာ ကီလိုဂရမ် ၂၀ အထက် အလေးချိန်ရှိတဲ့ ခွေးတွေကို သေချာ ထိန်းချုပ်ထားဖို့၊ လူကြားထဲ သွားလာရင် ၂ မီတာထက် မရှည်တဲ့ သိုင်းကြိုး ချည်နှောင်ထားဖို့ ဥပဒေထုတ်ထားပါတယ်။ မလိုက်နာသူတွေဟာ ဟောင်ကောင်ဒေါ်လာ ၂၅၀၀၀ (အမေရိကန်ဒေါ်လာ ၃၂၀၀ နီးပါး) ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် ၃ လထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။
ကိုးကား: CNA

















































