ဒီဇင်ဘာ-၂၂၊ ၂၀၂၅။ တာရာ/People’s Spring
စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။
ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကနေသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စစ်တပ်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ဦးလွင်မြင့်ဟာ ‘နည်းဥပဒေတွေပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း’ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ၅၈(ဂ)နဲ့ ဒီဇင်ဘာ ၁၈ရက်က အမှုဖွင့်ခံခဲ့ရတာလို့ပါတီကတာဝန်ရှိသူတဦးကပြောပါတယ်။
အမှုဖွင့်ခံရပြီး ဦးလွင်မြင့်ကို သူနေထိုင်ရာ အိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး လေးနာရီကြာ စစ်ဆေးပြီးမှ အာမခံနဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“အခုတော့ အာမခံနဲ့ပေါ့။ ရွေးကောက်ပွဲကတော့ ဆက်ပြီး ပြိုင်လို့ရလား၊ မရလားတော့ မပြောတတ်ဘူး။ ပါတီဘက်ကလည်း လုပ်စရာရှိတာလုပ်နေတယ်။ တစ်ယောက်ယောက်က တိုင်လိုက်လို့ ဖြစ်တာ။ မတရားဘူးလို့မြင်တယ်။ ဝင်ပြိုင်လို့မရအောင် တမင်လုပ်တာလို့ မြင်တယ်။ ဥပဒေအဖွဲ့နဲ့တိုင်ပင်ပြီး လုပ်ဆောင်နေပါတယ်”လို့ ပြည်သူ့ပါတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဦးလွင်မြင့်ဟာ ပြည်သူ့ပါတီရဲ့ TikTok အကောင်ကနေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’၊ ‘အရေးတော်ပုံ’စတဲ့ အသုံးအနှုန်းတွေကြောင့်နဲ့ သူ အသုံးပြုတဲ့ Facebook လူမှုကွန်ရက်မှာ အသုံးပြုခဲ့တဲ့ ပုံတွေကြောင့် စစ်တပ်ထောက်ခံသူတွေက အရေးယူကြဖို့ လှုံ့ဆော်ခံရပြီးနောက် အမှုဖွင့်ခံရတာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။
၈၈မျိုးဆက် ဦးလွင်မြင့်ဟာ သူ့ဖခင်က ကိုကိုးကျွန်းပြန် နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်သလို သူ့သားဖြစ်သူဟာလည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်တာကြောင့် သူ့ဖခင်၊ သူကိုယ်တိုင်နဲ့ သူ့သားဖြစ်သူတို့ဟာ မျိုးဆက် ၃ဆက်တိုင် နိုင်ငံရေးအကျဥ်းသားတွေဖြစ်တယ် ဆိုတာကို မဲဆွယ်ပွဲတစ်ခုမှာ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။
အဲဒီနောက် ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုအားပေးသူအဖြစ် စွပ်စွဲခံရပြီး သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်သူ့ပါတီရဲ့ စည်းရုံးရေးဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရသလို သူ့ရဲ့ မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ကားတစ်စီးနဲ့ နှောင့်ယှက်တိုက်ခိုက်ဆဲဆိုတာမျိုးတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် လူထုကြားထဲ သွားရောက်ပြီး မဲဆွယ်စည်းရုံးမှုတွေလုပ်ဖို့ လုံခြုံရေးစိုးရိမ်နေရ တယ်လို့ ဦးလွင်မြင့်ကပြောထားတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာ ကိုယ်စားလှယ်လောင်းတချို့ကို အကြောင်းအမျိုးမျိုးပြပြီး ထုတ်ပယ်ခဲ့တာလည်း ရှိသလို အမှုဖွင့်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရတို့ကိုလည်း စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀(ဎ)နဲ့ငြိစွန်းတယ်လို့စွပ်စွဲခံရပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) မှာ တည်ဆဲဥပဒေတရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရသောအဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော အဖွဲ့အစည်းများ (သို့မဟုတ်)ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံအထောက်အထားရှိသူများကို ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားပါတယ်။
ဦးတင်ထူးအောင်ဟာ ရခိုင်တိုင်းရင်းသားတွေအကြား အနိုင်ရဖို့ ရေပမ်းစားပြီး အဲဒီလိုအခြေအနေမှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရတာလို့ ရခိုင်သတင်းဌာနတွေက ဖော်ပြကြပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကတော့ ဦးတင်ထူးအောင်ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်နွှယ်မှုရှိတာကြောင့် ပယ်ဖျက်ခဲ့ခြင်းဖြစ်သလို ဦးကျော်သူရ(ခ)မာမတ်အာနီဆူရာမန်ကိုလည်း CDM လှုပ်ရှားမှုကို အားပေးခဲ့တာကြောင့် အခုလို ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ကိုယ်စားလှယ်အရည်အချင်းမကိုက်ညီလို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀ ကျော် ပယ်ဖျက်ခံထားရတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရ သိရပါတယ်။
စစ်တပ်က သူ့စိတ်ကြိုက်လုပ်နေတဲ့ရွေးကောက်ပွဲမှာ လိုချင်တဲ့ရလဒ်ရအောင်ဖန်တီးနေတာမို့ ရွေးကောက်ပွဲမဟုတ်ပဲ လုပ်ပွဲဖြစ်တယ်လို့ ပြည်သူအချို့ကပြောပါတယ် ။
“ရွေးကောက်ပွဲလို့ နာမည်ခံထားပေမဲ့ လူသေကို ကြိုးတုပ်ရိုက်သလို နိုင်ပြီးသားကြီးလေ။ဒါတောင် သူတို့(စစ်အုပ်စု)က တစ်ယောက်တည်းပြိုင်ပြီး မနိုင်မှာ ကြောက်နေကြသေးတယ်” လို့ ပြည်သူတဦးကဝေဖန်ပါတယ်။


















































