Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လို့ဆိုပြီး လွှတ်တော်အမတ်ဟောင်းတွေအပါအဝင် ၂၀ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူ ၂၀ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရခဲ့တာကြောင့် ရန်ကုန်မြို့ ရွှေဂုံတိုင်ဌာနချုပ်ရုံးရှေ့မှာ အောင်ပွဲခံနေတဲ့ ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - AFP

ဒီဇင်ဘာ-၂၅၊ ၂၀၂၅။ People’s Spring

စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူ ၂၀ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးတရားဝင်မှုရရှိစေဖို့ ရည်ရွယ်ကာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်အားထုတ်နေမှုကို အသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ NLD က တားမြစ်ထားတာလို့ ဆိုပါတယ်။ အဲဒီတားမြစ်ချက်တွေကို မျက်ကွယ်ပြုပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခြင်း၊ အားပေးကူညီခြင်းတို့ လုပ်ဆောင်နေသူ ၂၀ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခဲ့တာလို့ ဖော်ပြပါတယ်။

“တချို့က ဝင်ရောက်ယှဥ်ပြိုင်တာရှိတယ်၊ တချို့ကလည်း ဝန်းရံအားပေးကြတာရှိတယ်။ ဒီစာရင်းတွေက ကျွန်တော်တို့ သေသေချာချာစိစစ်ပြီးမှ ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီထက်လည်း များနိုင်တယ်”လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

NLD က ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တဲ့ ၂၀ ဦးစာရင်းထဲမှာ ၂၀၁၅-၂၀ ကာလ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူတွေ ပါဝင်ပြီး ဒေါ်ချိုနွယ်ဦး၊ ဒေါက်တာဖြူဖြူခိုင်၊ ဦးသန်းစိုး(ဘောဂဗေဒ)၊ ဦးသောင်းထွဋ် စတဲ့သူတွေ ဖြစ်ပါတယ်။ လက်ရှိ ရရှိထားတဲ့စာရင်းအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပါဝင်ခဲ့သူတွေကတော့ စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တာ မတွေ့ရသေးဘူးလို့ ဦးထွန်းမြင့်က ပြောပါတယ်။ အခုထုတ်ပယ်ခံရတဲ့စာရင်းမှာ ပါဝင်သူတွေက ၂၀၂၀ အထွေထွေရွေကောက်ပွဲမှာ NLD က ချန်လှပ်ခံရသူတွေများတယ်လို့ ဆိုပါတယ်။

“ရှင်းရှင်းပြောရရင် NLD ပါတီဝင်လည်း ဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ခဲ့တယ်၊ တချို့ဆိုရင် မြို့နယ်အလုပ်အမှုဆောင်တွေ၊ ရပ်ကျေးအလုပ်အမှုဆောင်တွေ၊​ ခရိုင်အလုပ်အမှုဆောင်တွေ ဖြစ်ရဲ့သားနဲ့ ကိုယ့်ပါတီရဲ့ ညွှန်ကြားချက်တွေ၊ ကိုယ့်ပါတီက ခေါင်းဆောင်တွေလည်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အခြေအနေအချိန်မှာ ဒါမျိုးပြုလုပ်တယ်ဆိုတာ သစ္စာဖောက်တွေပေါ့ဗျာ။ ပါတီအပေါ်မှာ သစ္စာဖောက်တွေ လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်တာအတွက်ကြောင့် အခုလို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာ ဖြစ်ပါတယ်”လို့ ဦးထွန်းမြင့်က ပြောပါတယ်။

NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပယ်လိုက်သူတွေထဲမှာ ရန်ကုန်တိုင်းက ၁၅ ဦးပါဝင်ပြီး ပဲခူးတိုင်းက ၂ဦး၊ ကရင်ပြည်နယ်က ၂ဦးနဲ့ မွန်ပြည်နယ်က ၁ဦးတို့ ပါဝင်ပါတယ်။ ထုတ်ပယ်ခံရသူ ၂၀ ဦးမှာ ကရင်ပြည်နယ်က ဦးညီညီထွန်း၊ ဦးအောင်ကိုဦး၊ ပဲခူးတိုင်းက ဦးသန်းထိုက်အောင်၊ ဦးအေးလွင်၊ မွန်ပြည်နယ်က ဦးထွန်းဝင်း၊ ရန်ကုန်တိုင်းက ဒေါ်ချိုနွယ်ဦး၊ ဒေါက်တာဖြူဖြူခိုင်၊ ဦးအောင်မိုး၊ ဦးစိုးတင့်၊ ဒေါ်လှရီ၊ ဒေါ်မာမာလွင်၊ ဒေါ်တင်အေး၊ ဦးစန်းလွင်၊ ဦးတိုးအောင်၊ ဦးစိန်မြိုင်၊ ဦးဌေးမြင့်၊ ဦးသန်းစိုး(ဘောဂဗေဒ)၊ ဒေါ်မွန်မွန်အောင်၊ ဦးညီညီထွန်း၊ ဦးသောင်းထွဋ် တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နေရာ ထဲမှာ NLD က ၉၂၀ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မနက်အစောပိုင်းမှာ NLD ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ)အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။ NLD ပါတီဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာလည်း သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။

ဒီလကုန်ပိုင်း စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထု ထောက်ခံမှုရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံထားရတာကြောင့် ပါဝင်ခြင်းမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၈) မှာ ဆက်လက်ပြုလုပ်ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။