Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှု နိုင်ငံရေးအကျပ်အတည်းအပြုသဘောဆောင်တဲ့ အလှည့်အပြောင်းဖြစ်ပြီလို့ ကောက်ချက်မချဖို့ NLD သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

(​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့​တွေ့ဆုံစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ဩဂုတ် ၅၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခဲ့မှုအပေါ် NLD ဗဟိုအလုပ်ကော်မတီက ဒီကနေ့ ဩဂုတ် ၅ရက်မှာ သတင်းထုတ်ပြန်ပြီး အခုလို သတိပေးထားပါတယ်။

“ တွေ့ဆုံမှုတရပ်တည်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာပြီဟု ဆောလျင်စွာ ကောက်ချက် ချခြင်းမပြုမိကြရန် သတိချပ်စေအပ်ပါသည်။

Public Service Announcement

Public Service Announcement

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းတာဝန်များကို အပြည့်အဝ ဆက်လက်ဆောင်ရွက်နိုင်ခွင့်ရှိ၊ မရှိနှင့် လက်တွေ့ကျသော တိုးတက်မှုများကိုသာ ဆက်လက်စောင့်ကြည့်သင့်ပါကြောင်း အလေးအနက်ထား ဖော်ပြအပ်ပါသည်” လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား အားလုံးရဲ့ အသက်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကျန်းမာရေးအတွက် လုံလောက်သောအစားအသောက်ရရှိရေးတို့အပြင် မိသားစုဝင်များနဲ့ လည်းကောင်း၊ ရှေ့နေများနဲ့ လည်းကောင်း လွတ်လပ်စွာတွေ့ဆုံဆက်သွယ်ခွင့်ရရှိရေးတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနဲ့အညီ အပြည့်အဝရရှိနိုင်ရေး အာမခံဆောင်ရွက်ပေးဖို့လည်း NLDက အကြံပြု တိုက်တွန်းထားပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဟာ ပြည်သူလူထုရဲ့ ဒီမိုကရေစီ ဆန္ဒကိုလေးစားခြင်း၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းနဲ့ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ခြင်းသာ ကြောင်းလည်း NLDက ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေဟာ အာဆီယံက ဘုံသဘောတူညီချက် (၅)ချက်ကို အခြေခံပြီး အကြမ်းဖက်မှုများရပ်တန့်ရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားရေးအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာရေးကို ဆက်လက်တိုက်တွန်းလျက်ရှိလို့ ဆိုပါတယ်။

ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူများအားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်ခွင့်ရရှိရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ဖြစ်ထွန်းရေးတို့မှတဆင့် လက်တွေ့ကျသော ခြေလှမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုသာ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းမှ တိုးတက်လာမှု အညွှန်းကိန်းများအဖြစ် သတ်မှတ်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NLDဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အရ ပြည်သူလူထုရဲ့ ဆင့်လွှဲအာဏာကို အစဉ်လေးစားလျက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ပြည်သူလူထုနဲ့အတူ ဆက်လက်ကြိုးပမ်း သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။