ဇန်နဝါရီ-၃၁၊၂၀၂၆။ဇော်ဝင်း၊အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူနဲ့ ကောလင်းနယ်စပ်က အာဏာသိမ်းစစ်တပ်ရဲ့အခိုင်အမာစခန်းတစ်ခုဖြစ်တဲ့ ကိုးတောင်ဘို့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်သိမ်းပိုက်လိုက်တယ်လို့ကန့်ဘလူခရိုင်စစ်ရေးတာဝန်ရှိသူက လူထုနွေဦးကို အတည်ပြုပါတယ်။
အဲဒီစခန်းကို လေးရက်ကြာတိုက်ခိုက်ခဲ့ပြီးဇန်နဝါရီ ၃၀ ရက်က သိမ်းပိုက်ခဲ့တညဖြစ်ပါတယ်။
“စခန်းသိမ်းနိုင်ခဲ့ပြီဆိုတာကိုတော့ပြောလို့ရတယ်။ကျန်တဲ့ အသေးစိတ်တော့သေချာမသိရသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စခန်းသိမ်းခံရတာကြောင့် စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ရှိနေပြီး ဇန်နဝါရီ ၃၁ရက်က ညပိုင်းအထိ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ၂၈ရက်နေ့ခင်းပိုင်းက တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေများခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲသတင်းကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက မကြာခင်ထုတ်ပြန်လိမ့်မယ်လို့ ၎င်းက ပြောပါတယ်။
“ကိုးတောင်ဘို့စခန်းမှာက အင်အား ၇၀ ဝန်းကျင် ရှိနိုင်တယ်။ပစ(ပြည်သူ့စစ်)လည်းအားကောင်းတဲ့နေရာဆိုတော့ အရေအတွက်အတိအကျခန့်မှန်းဖို့ ခက်တယ်။သိမ်းရတယ်ဆိုတာတော့ကြားပေမယ့် နောက်ဆက်တွဲ ထပ်စုံစမ်းနေတယ်”လို့ ကန့်ဘလူမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကန့်ဘလူမြို့နယ်ကိုးတောင်ဘို့ရွာအုပ်စုက NLDပါတီ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလတွင်ဒီချုပ်ပါတီထောက်ခံသူတွေနဲ့ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ ကြား ခိုက်ရန်ဖြစ်ပွားမှုအကြီး အကျယ်ဖြစ်ခဲ့ပြီး သေဆုံးသူတွေရှိခဲ့ပါတယ်။
စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ကိုးတောင်ဘို့ရွာမှာ တပ်စွဲလိုက်ပြီးစစ်အာဏာရှင်ဆန့်ကျင်တဲ့ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
ကိုးတောင်ဘို့ရွာအပြင် ကျေးရွာအုပ်စုအတွင်းက ရွာတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံအများအပြားသည် ယာယီစစ်ရှောင်စခန်းတွေမှာ နေထိုင်ကြရပါတယ်။
ကိုးတောင်ဘို့ စခန်းကို ကို ပြည်သူ့ကာကွယ်ရေးမဟာတပ်ဖွဲ့တွေက မကြာခဏတိုက်ခိုက်ခဲ့ဖူးပေမယ့် အရင်ကမသိမ်းနိုင်ခဲ့ပဲ ဇန်နဝါရီ ၃၀ ရက်မှာမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကိုးတောင်ဘို့နဲ့ အနီးစပ်ဆုံးကောလင်းမြို့နယ်မှာလည်း စစ်ရေးတင်းမာမှုတွေရှိနေပြီး တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ သစ်ဖုလ စခန်းကုန်းကို စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ကန့်ဘလူနဲ့ဆက်စပ်နေတဲ့ ကောလင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေချိန် ကိုးတောင်ဘို့ရွာက စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သ်မ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကိုးတောင်ဘို့ကျေးရွာအုပ်စုဟာ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်က ချပ်သင်းဘေးမဲ့တောနဲ့ဆက်စပ်နေပြီး စစ်ကောင်စီက အင်အားအမာခံတပ်စွဲထားတာပါ။ ၂၀၂၅နှစ်ဦး နှစ်လယ်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာငြိမ်သက်နေခဲ့တာပါ။
၂၀၂၅ခုနှစ်စက်တင်ဘာလ၁၇ရက်နေ့မှာ ကန့်ဘလူမြို့နယ်ထဲက ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ကန့်ဘလူခရိုင်ပကဖ၊ ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူး ပေါင်းပြီး စက်တင်ဘာလ ၁၇ ရက်နေ့ ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင်၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ဒါအပြင် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ် အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။


















































