Connect with us

Hi, what are you looking for?

သတင်း

တိုက်ပိတ်ခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ထဲမှ လွှတ်ပေးဖို့ တောင်းဆိုမှု ငြင်းပယ်ခံရတဲ့အပြင် တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

(ဒိုက်ဦး​ထောင်ကို​တွေ့ရစဥ်)

ဇန်နဝါရီ-၃၁၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ထဲမှ လွှတ်ပေးဖို့ တောင်းဆိုမှု ငြင်းပယ်ခံရတဲ့အပြင် တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ထဲမှ လွှတ်ပေးဖို့ တောင်းဆိုမှုကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ PPNM မှ ဦးဆောင်ကော်မတီ မရောင်နီလင်းက ပြောပါတယ်။

“အဲ့တောင်းဆိုတဲ့နေ့မှာပဲ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထပ်ပြီး တိုက်ပိတ်ထားလိုက်တာဖြစ်ပါတယ်” လို့ပြောပါတယ်။

Public Service Announcement

Public Service Announcement

အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲမှာ ၃နှစ်ကြာတဲ့အထိတိုက်ပိတ်ခံထားရတဲ့သူတွေရှိပြီး မမိုးမိုးစန်း၊ မနွေးနွေးမြင့်လွင်၊ မဂျူးဇင်သီ တို့ဖြစ်တယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ခရစ္စမတ်နေ့မှာ ဆုတောင်းသီချင်းဆိုခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသူ ၁၀ဦးလည်း တိုက်ပိတ်ခဲ့ကြရပြီး လက်ရှိမှာ စုစုပေါင်းတိုက်

ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူဦးရေ ၃၀နီးပါး ရှိဖြစ်တယ်လို့ PPNM က စုံစမ်းကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

ဒိုက်ဦးအကျဥ်း‌ထောင်က ထောင်အာဏာပိုင်

တွေဟာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသမီးတိုက် မ ၃ခန်းနဲ့ ကျား ၄ခန်းမှာ ထားတာလည်းဖြစ်ပါတယ်။

တိုက်ပိတ်ခံထားရချိန် ၅လရှိပြီဖြစ်‌‌တဲ့ နိုင်ငံရေးအကျဉ်းသူတွေက ထောင်ပိုင်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုမှုကို ထောင်ပိုင် သီဟထွဋ်နဲ့ ညွှန်မှူးကလျစ်လျူရှုထားတယ်လို့ PPNM ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒိုက်ဦးထောင် အမျိုးသမီးဆောင်ကို ICRC လာ‌ရောက်တဲ့အခါမှာလည်း တိုက်ပိတ်ထားတဲ့နိုင်ငံရေးအကျဉ်းသူတွေနဲ့ တွေ့ဆုံမှု၊ တောင်းဆိုမှုတွေ မပြုလုပ်နိုင်ဖို့ နေရာရွှေ့ပြောင်းထားတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ ဆောင်းတွင်းဖြစ်ပေမယ့် တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ စောင်၊အနွေးထည်လုံလောက်မှုမရှိဘဲ အိပ်စက်နေကြရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေအပေါ် ချိုးဖောက်နေတဲ့လုပ်ရပ်တွေကို အမျိုးသမီး ပင်မဆောင် တာဝန်ခံဦးစီး နှစ်ပွင့် ဇင်မာကြည်အောင်က အဓိက တာဝန်ယူရမှာဖြစ်ပြီး အကြောင်းအရင်းမရှိ တိုက်ပိတ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဒီနေ့အချိန်ထိ ခေါ်ထုတ်ရိုက်နှက်နေတာတွေကိုလည်း ရပ်တန့်ဖို့ PPNMက ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခုလို မတရားဖိနှိပ်တာ၊ မတရားညှင်းပန်းနှိပ်စက်တာနဲ့ ညှင်းပန်းနှိပ်စက်မှုလုပ်နိုင်ဖို့အတွက် ခွင့်ပြုပေးထားတဲ့သူတွေအားလုံးဟာ တချိန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး ဒီလိုမျိုး ညှင်းပန်းနှိပ်စက်မှုတွေလျော့နည်းလာဖို့အတွက်အပြင်မှာရှိနေသူတွေက အားလုံးဝိုင်းပြီးကြိုးစားကြဖို့လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

စစ်အာဏာ အာဏာသိမ်းပြီးနောက် ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ/သားတွေကို ဖမ်းဆီးထားရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဝါးစွာ ကျူးလွန်နေတဲ့ အကျဉ်းထောင်တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် ‌ဒိုက်ဦးထောင်ဟာ လူ့အခွင့်အရေးမှုတွေမှာ သိသာထင်ရှားစွာ ကျူးလွန်နေတဲ့ထောင်အဖြစ်တွေ့ရတယ် “ လို့ PPNM ရဲ့ ဦးဆောင်ကော်မတီ မရောင်နီလင်းက ပြောပါတယ်။

ဒါကြောင့် ဒိုက်ဦးအကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှူတွေကို နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးတက်ကြွလှုရှားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အာရုံစိုက် ပေးကြရဖို့နဲ့ ကျူးလွန်နေတဲ့ စစ်ကော်မရှင်လက်အောက်ခံထောင်အာဏာပိုင်တွေအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသူ/သားတွေအပေါ် ဖိနှိပ်တွေကို ရပ်တန့် ဖို့ ၊ ဖိအားပေးတာတွေ မပြုလုပ်ဖို့ PPNM က အသိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ