သော်မွန်/People’s Spring
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ကမ္ဘာ့တရားရုံး(အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ)မှာ အမှုရင်ဆိုင်နေရတဲ့ ဂမ်ဘီယာ-မြန်မာအမှုက ဒီသီတင်းပတ်ကုန်ပိုင်း ဇန်နဝါရီ ၂၉ရက်မှာ နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်တွေ၊ ရုံးတော်ရဲ့ စစ်ဆေးကြားနာမှုတွေ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ ဒီအမှုဟာ အဆုံးသတ်ခါနီး အဆင့်ကို ရောက်ရှိလာခဲ့ပြီး ICJ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ဆိုင်းရတော့မှာပါ။
သီတင်းသုံးပတ်ခန့်ကြာမြင့်ခဲ့တဲ့ ဒီတစ်ကြိမ် လျှောက်လဲကြားနာမှုတွေ ပြီးပြီးချင်း ဇန်နဝါရီ ၂၉ရက်မှာပဲ ဒီအမှုနဲ့ပတ်သက်လို့ တရားသူကြီးတွေ ချင့်ချိန်စဉ်းစားမှုတွေ စတင်နေပါပြီဖြစ်ပါတယ် ။ သင့်တော်တဲ့အချိန်မှာ အများပြည်သူရှေ့မှောက် ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ရုံးတော်က ဘယ်အချိန် ဆုံးဖြတ်ချက်အမိန့် ကြေညာမယ်လို့ တိတိကျကျ မထုတ်ပေမယ့် နိုင်ငံတကာတရားရုံးတွေရဲ့ သဘောတရားအရ ဆုံးဖြတ်ချက်ဟာ လပေါင်းများစွာ ကြာမြင့်တတ်ပြီး တစ်နှစ်ခန့် အချိန်ယူနိုင်ဖွယ်ရှိတယ်လို့ ဥပဒေပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ဒီအမှုမှာ အာဖရိကနိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုပြီး ICJ မှာ တရားစွဲဆိုခဲ့တာပါ။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေ ကိုသတ်ဖြတ်၊ မုဒိမ်းကျင့် ၊လုယက် ၊နေအိမ်တွေကိုမီးရှို့ အကြမ်းဖက်ခဲ့ပါတယ် ။

Public Service Announcement
ဒါကြောင့် ရိုဟင်ဂျာ ပြည်သူ သိန်းနဲ့ချီ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးခဲ့ရပါတယ်။အဲဒီလိုရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှု အကာအကွယ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒီအမှု အစပိုင်း ၂၀၂၀ နှစ်ဆန်းမှာပဲ ICJ က အမှုတစ်ခုလုံးရဲ့ အပြီးသတ်အမိန့် ဆုံးဖြတ်ချက် မချခင်မှာ မြန်မာနိုင်ငံ လိုက်နာရမယ့် ကြားဖြတ် အစီအမံတွေကို ချမှတ်ခဲ့ပါတယ်။
ICJ မှာ စတင်တရားစွဲဆိုတဲ့ အချိန်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရ လက်ထက်ဖြစ်ပြီး သူကိုယ်တိုင်ပဲ အမှုကို သွားရောက်ရင်ဆိုင်ခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာတော့ စစ်တပ် အာဏာသိမ်းခဲ့လို့ အမှုကို အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေက သွားရောက် ဆက်လက် ရင်ဆိုင်ခဲ့ပါတယ်။ ၆ နှစ်ကျော်ကြာ အမှုတလျှောက်လုံးမှာ မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဘူး၊ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတဲ့အပေါ် ရပ်တည်ခဲ့ပြီး မြန်မာ့တပ်မတော်(လက်ရှိ အာဏာသိမ်းစစ်တပ်)အနေနဲ့ နယ်မြေရှင်းလင်းစစ်ဆေးရေးတွေသာ လုပ်ဆောင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အမှုရဲ့ ကနဦးအစပိုင်းမှာ အာဖရိကနိုင်ငံ ဂမ်ဘီယာအနေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတာကြောင့် တရားစွဲဆိုပိုင်ခွင့်မရှိဘူးလို့ လျှောက်လဲခဲ့ပေမယ့် ရုံးတော်ကတော့ ပယ်ချခဲ့ပါတယ်။ ဂမ်ဘီယာက အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ -OIC ကိုယ်စား ဒီအမှုကို စွဲဆိုခဲ့တာဖြစ်ပြီး သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက OIC အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။
ဒီနောက်ပိုင်း တရားလိုဂမ်ဘီယာဘက်ကနေ ဥပဒေကြောင်းအရ ပါဝင် ရပ်တည်ထောက်ခံတဲ့ နိုင်ငံ ၁၁ နိုင်ငံအထိ ရှိလာခဲ့ပါတယ်။ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံကြီးတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံက ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှု အကာအကွယ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ရုံးတော် ICJ ရဲ့ အပြီးသတ်အမိန့် ကြေညာချိန်မှ သိရမှာပါ။ဒါပေမဲ့ နိုင်ငံတကာမှာတော့ အမှုစတင်ချိန်ကတည်းက မြန်မာဟာ အဖက်ဖက်မှာ နာမည်ပျက်ခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ရိုဟင်ဂျာအရေးမှာ နှုတ်ဆိတ်နေခဲ့မှုကြောင့် ပေးအပ်ချီးမြှင့်ခံထားရတဲ့ ဆုအများအပြား ရုတ်သိမ်းခံရသလို ပုံရိပ်ကျဆင်းခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုတောင် ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပြီး ဆုရွေးချယ်ရေးကော်မတီကတော့ ပေးအပ်ပြီးသား ဆုကို ပြန်လည် မရုတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းချိန်က ပြည်တွင်းမှာ အနိုင်ရပြီး တနည်းအားဖြင့် ထောက်ခံမှု ရပြီး နိုင်ငံတကာမှာတော့ အရှုံးပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီးမှာတော့ ဒီအမှုနဲ့ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ သဘောထားအမြင် ပြောင်းလဲမှုတွေ ရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်တိုင် ICJ မှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းလျှောက်လဲခဲ့မှုတွေကို ပြန်လည် ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
ICJ မှာ NUG က နိုင်ငံ ကိုယ်စားပြုခွင့်အတွက်လည်း လျှောက်ထားခဲ့ပေမယ့် ရုံးတော်ကတော့ ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် ICJ မှာ အာဏာသိမ်းစစ်ကောင်စီကပဲ ကိုယ်စားပြုခွင့် ရရှိခဲ့ပါတယ်။
ICJ မှာ အာဏာသိမ်းစစ်တပ်ရဲ့တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုကြောင်း NUG က ဇန်နဝါရီ ၁၂ရက်မှာ ထုတ်ပြန်ခဲ့တယ်။ ICJ ရဲ့ နောက်ဆုံးအကြိမ် စစ်ဆေးကြားနာမှုတွေ မစတင်ခင်မှာပဲ NUG က ထုတ်ပြန်ခဲ့တာပါ။
စစ်တပ်ဟာ ပြည်သူတွေအပေါ် နိုင်ငံတကာ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတယ်လို့ NUG က ဖော်ပြပါတယ်။ ICJမှာ စစ်တပ်ကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ပေးခြင်းဟာ ရိုဟင်ဂျာပြည်သူတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ICJ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ NUG က တိုက်တွန်းထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ နိုင်ငံတဝန်းက အရပ်သားပြည်သူတွေအပေါ် လူမဆန်တဲ့ ကျူးလွန်မှုတွေကို ပြည်သူလူထုတရပ်လုံးက မျက်ဝါးထင်ထင် တွေ့မြင်လာရပြီးနောက်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာပြည်သူတွေကလည်း စာနာနားလည်လာနိုင်ခဲ့ကြတယ်လို့ ဥပဒေပညာရှင်တချို့က ပြောပါတယ်။
အခုနောက်ဆုံးတခေါက် ICJ တရားခွင်မှာ ဂမ်ဘီယာ တရားရေးဝန်ကြီးက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံ အာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ထွက်ဆိုပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်စဉ် စစ်တပ်ကို အမိန့်ပေးကွပ်ကဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေပြီး နိုင်ငံတဝန်းရှိ တိုင်းရင်းသားအုပ်စုအားလုံး မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်တဲ့ အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပျံ့နှံ့သွားကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ဒီတကြိမ် ကမ္ဘာ့တရားရုံးမှာထူးခြားတာက စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ သီတဂူဆရာတော် ၊ ဦးဝိရသူတို့ရဲ့အငြင်းပွားဖွယ်ရာ ဟောပြောမှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေစနစ်တကျကျူးလွန်ဖို့ လှုံ့ဆော်မှုတွေအဖြစ် ဂမ်ဘီယာဘက်က တင်သွင်းခဲ့ပါတယ်။ ဒါအပြင်စစ်တပ်က အာဆာအဖွဲ့က အကြမ်းဖက်လို့တုံ့ပြန်တယ်လို့ အကြောင်းပြပေမယ့် စစ်တပ်က အာဆာအဖွဲ့ကိုဘယ်တုန်းကမှ ချေမှုန်းဖို့ မကြိုးစားတာ၊ AA ကရခိုင်ပြည်နယ်ကစစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ စစ်တပ်နဲ့ အာဆာအဖွဲ့တို့ကတစ်ဖက်တည်းဖြစ်နေတာကိုလည်း ဂမ်ဘီယာဘက်ကမေးခွန်းထုတ်ခဲ့ပါတယ် ။
အာဏာသိမ်းစစ်ကောင်စီကတော့ အရင်ရပ်တည်ချက်အတိုင်း လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် မရှိကြောင်းနဲ့ မကျူးလွန်ဘူးလို့
တုန့်ပြန်ခုခံပါတယ်။ ဂမ်ဘီယာကိုင်စွဲလျှောက်လဲတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်(Fact Finding Mision)ရဲ့အစီရင်ခံစာဟာလည်း အချေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံထားတယ်လို့ စစ်ကောင်စီ ကိုယ်စားလှယ်နဲ့ ရှေ့နေတွေက လျှောက်လဲခဲ့ပါတယ်။
ICJ မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ရင်ဆိုင်တာကို အားပေးထောက်ခံသူတွေတော့ ရှိပါတယ်။ အမျိုးသားရေးလှုပ်ရှားသူလို့ အမည်ခံထားတဲ့ စစ်အုပ်စုကထောက်ပံ့ထားတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)အမာခံတွေ ဖြစ်ပါတယ်။ သူတို့က စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ICJ အမှုရင်ဆိုင်နေဆဲ ကာလမှာပဲ ရန်ကုန်မြို့လယ်မှာ ခြိမ့်ခြိမ့်သဲ ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအမျိုးသားရေးလှုပ်ရှားသူတွေ ထောက်ခံပွဲပြုလုပ်မယ်လို့ စတင်လှုံ့ဆော်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ထောက်ခံပွဲတွေမှာ အထူးသတိပြုလိုက်နာရမယ့် အချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ICJ ရုံးတော်နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်ခြင်း၊ ဖိအားပေးတဲ့သဘော ရေးသားပြောဆိုခြင်း မပြုဖို့၊ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေ ရေးသားပြောဆိုခြင်း မပြုဖို့၊ အမုန်းစကား မပြောဖို့ စတဲ့အချက်တွေကို စစ်ကောင်စီက ထုတ်ပြန် တားမြစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆန္ဒပြမှုတွေကို တင်းကြပ်ပြီး ရက်စက်စွာ ဖြိုခွင်းတဲ့ စစ်ကောင်စီဟာ အမျိုးသားရေးလှုပ်ရှားသူတွေ ဦးဆောင်တဲ့ ရန်ကုန်မြို့လယ် ဆန္ဒပြပွဲကိုတော့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ဂမ်ဘီယာနိုင်ငံကို တိရိစ္ဆာန်နဲ့ ခိုင်းနှိုင်းပြီး ရင့်သီးစွာ ပြောဆို ပုတ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ICJ မှာ တရားစွဲဆိုခံရတာဟာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို စွဲဆိုတာမဟုတ်ဘဲ နိုင်ငံကို စွဲဆိုတာဖြစ်တာကြောင့် ရှုံးနိမ့်လို့ မဖြစ်ကြောင်း၊ ရှုံးနိမ့်ခဲ့ရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာအလယ်မှာ ပိုမို မျက်နှာငယ်၊ အနှိမ်ခံရမှာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့် နေကြပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးအကဲခတ်တချို့ကတော့ အဲဒီဝါဒဖြန့်မှုကို လက်မခံပါဘူး ။ ICJ အမှုမှာ ရုံးတော်က မြန်မာနိုင်ငံကို အနိုင်ပေးရင် အာဏာသိမ်းစစ်ကောင်စီက လက်ရှိထက် ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
လက်ရှိ သွားရောက် အမှုရင်ဆိုင်နေတဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေဟာ စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာပြည်သူတွေအပေါ် ကျူးလွန်မှုရှိကြောင်း သိလျက် ပြောဆိုနေပေမယ့် ဂျီနိုဆိုက် မဟုတ်ကြောင်း အပြင်းအထန်ခုခံကာကွယ်နေတာမျိုးတွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု Cornell University ဥပဒေပညာဌာနရဲ့ ဧည့်ပါမောက္ခ ဒေါက်တာစုယဉ်ထွန်းက ပြောပါတယ်။
၁၉၆၀ ဝန်းကျင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ် ကျူးလွန်သမျှအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုအပ်ပြီး လက်ရှိ ဂျီနိုဆိုက်အမှုမှာ စစ်တပ်က တာဝန်ခံရမယ်လို့ သူက ဆိုပါတယ်။ ဒီအမှုကြောင့် နိုင်ငံတကာတရားရုံးမှာ၊ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေကို ထုတ်ဖော်ပြောနိုင်တဲ့အတွက် မြန်မာ့နိုင်ငံရေးအခြေအနေကို နိုင်ငံတကာက သိရှိသွားနိုင်တယ်ဆိုတဲ့ အကျိုးတစ်ခု ရတယ်လို့လည်း ဒေါက်တာစုယဉ်ထွန်းက ရှုမြင်ပါတယ်။
စစ်တပ်ရဲ့လုပ်ရပ်တွေကသေချာပြီးသား၊ ထင်ရှားပြီးသားဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုက မရှုံးဘဲ အနိုင်ရကြောင်းက သူက ပြောပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ပြည်သူလူထုအားလုံး လက်တွဲပြီး အကြမ်းဖက်မှုတွေကို လက်မခံသင့်တဲ့ အချိန်ကာလဖြစ်တယ်လို့ ဥပဒေပါမောက္ခက တိုက်တွန်းပါတယ်။
ဒါ့အပြင် ICJ အထိ ရောက်ခဲ့တဲ့ ဒီအမှုဟာ မြန်မာစစ်တပ်အတွက် Leading Case(ရှေ့ဆောင်လမ်းပြအမှု)ဖြစ်ပြီး ICJ ချမှတ်လာနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတာမျိုး၊ ထပ်ကျူးလွန်ခဲ့မှုမျိုးတွေ ရှိရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆင့် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ International Criminal Tribunal တွေဆီ ရောက်နိုင်တယ်လို့ ဒေါက်တာစုယဉ်ထွန်းက သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ စစ်တပ်ကို Universal Jurisdiction(ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်)အရ အာဂျင်တီးနားအပါအဝင် နိုင်ငံ ၄ ခုထက်မနည်းမှာ တရားစွဲဆိုထားပါတယ်။ဒါ့အပြင် အခြားနိုင်ငံတွေမှာလည်း ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အရတရားစွဲဆိုနိုင်ဖို့ ကြိုးစားနေတာတွေ ရှိပါတယ်။
လက်ရှိ ဂမ်ဘီယာ-မြန်မာအမှုနဲ့ပတ်သက်လို့ ICJ က ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမှတ်သည်ဖြစ်စေ မြန်မာနိုင်ငံအပေါ်မှာ တခြားကမ္ဘာ့နိုင်ငံတွေက ‘ဒီလိုနိုင်ငံပါလား’ လို့ ယူဆနိုင်ပေမယ့် မြန်မာပြည်သူတွေက ‘ဒီလို လူတွေ မဟုတ်ဘူး’ ဆိုတာ ပြသနိုင်ဖို့ လိုအပ်တယ်လို့ ဒေါက်တာစုယဉ်ထွန်းက ပြောပါတယ်။
စစ်တပ်ကျူးလွန်မှုသည် စစ်တပ်သာလျှင် ဖြစ်ဖို့လိုအပ်ကြောင်းနဲ့ မြန်မာပြည်သူတွေအနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုအပေါ် ရပ်တည်ဖို့သာ လိုအပ်ကြောင်း သူက တိုက်တွန်းပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ICJ ရဲ့ စီရင်ပိုင်ခွင့်ကို အပြည့်အဝလက်ခံပြီး အရင် တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာအားလုံးကို ရုတ်သိမ်းကြောင်း ဇန်နဝါရီ ၁၀ ရက်မှာ ထပ်မံ အတည်ပြုပါတယ် ။ ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှု ရရှိစေရေးက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ဒါအပြင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်စိုးမိုး(CDM) ကလည်း နိုင်ငံတကာ သံတမန်ရေးရှုထောင့်က ကြည့်မယ်ဆိုရင် ICJ က ဂျီနိုဆိုက်ကျူးလွန်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ရင် စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုပြီး တရားမဝင်တဲ့အဖွဲ့အစည်းအဖြစ် ရှုမြင်လာ နိုင်သလို ဥရောပ သမဂ္ဂ၊ အမေရိကန်၊ ကနေဒါ စတဲ့ အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှု sanction တွေကို တိုးမြှင့်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
နောက်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို ကန့်သတ်ချက်တွေ ချမှတ်လာနိုင်သလို ၊အာဆီယံထဲမှာလည်း မြန်မာရဲ့ရပ်တည်ချက်ကို အားနည်းစေနိုင်သလို အရှက်ရမှု (diplomatic isolation) ကို ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။
စစ်တပ်ကြောင့်၊ စစ်အာဏာရူးတွေကြောင့် မြန်မာနိုင်ငံဟာ ICJ မှာ နာမည်ပျက်ဖို့ကမြေကြီးလက်ခတ်မလွဲပါပဲလို့ အထက်ပါ သံတမန်က မှတ်ချက်ပြုပါတယ်။
စစ်တပ်ဟာ သူတို့ရဲ့ အတ္တတွေ ရှေ့တန်းတင်ပြီး အရင် ပြည်သူ့အစိုးရကို ဒုက္ခရောက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ မလုပ်သင့်တာတွေကို စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်ခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအားလုံးဟာ ကမ္ဘာ့အလယ်မှာ အများအပြစ်တင်ခံရမယ့် အနေအထားကို ရောက်လာတာလို့လည်းဦးအောင်စိုးမိုးက ဆက်ပြောပါတယ်။
စစ်တပ်ရဲ့ ယုတ်မာမှုတွေက ပြည်သူတွေအပေါ်မှာ ဒီလို ကျူးလွန်ပါလားဆိုတာ မြင်တွေ့ရပြီသားဖြစ်ပြီး အဲဒီအတွက် ပြည်သူတွေက သင်ခန်းစာတွေ ယူတတ်ဖို့ လိုတယ်လို့ မန္တလေးတက္ကသိုလ် ဥပဒေဌာန CDM ပါမောက္ခလည်းဖြစ်သူ ဒေါက်တာစုယဉ်ထွန်းကတော့ ပြောပါတယ်။
လူသားအချင်းချင်း စာနာဖို့၊ ဒီလိုမျိုးသတ်ဖြတ် ညှင်းပမ်းနေတဲ့ အရာတွေကို အားမပေးနိုင်ကြဖို့၊ အားမပေးတတ်ကြဖို့ လိုတယ်လို့ သူက ထပ်မံတိုက်တွန်းပါတယ်။
ဒီအမှုမှာ ကျူးလွန်ခဲ့သူ အစစ်အမှန်ဟာ ဘယ်သူတွေလဲ၊ ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုပါရဲ့လားဆိုတာကို ဆန်းစစ်ဝေဖန်သုံးသပ်ကြပြီး ပြစ်မှု ကျုးလွန်သူအစစ်အမှန်ကိုသာ နိုင်ငံတကာတရားဥပဒေနဲ့ အရေးယူအပြစ်ပေးနိုင်ပါစေလို့ သံတမန်ဦးအောင်စိုးမိုးက ဆန္ဒပြုပါတယ်။


















































