Connect with us

Hi, what are you looking for?

အတွေးအမြင်

ဟူဒီယာရဲ့ လက်နှစ်ဖက်နဲ့ မြန်မာကလေးတွေရဲ့ အသံ

တစ်ခါတုန်းက ကမ္ဘာတစ်ဝန်းကို စိတ်နှလုံးကြေကွဲစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံရှိခဲ့ပါတယ်။ ကလေးမလေးတစ်ယောက်။ လက်နှစ်ဖက်ကို မြှောက်ထားတယ်။မျက်နှာမှာ အပြုံးမရှိဘူး။ သူမရှေ့မှာ စစ်သားတစ်ယောက်လည်း မရှိပါဘူး။ ရှိတာက ကင်မရာတစ်လုံးပါပဲ။ ဒါပေမယ့် သူမက အဲဒီကင်မရာကို သေနတ်လို့ထင်ခဲ့တယ်။ ဆီးရီးယားကလေးမလေး ဟူဒီယာ (Hudea)ရဲ့ဒီဓာတ်ပုံဟာ၂၀၁၄ ခုနှစ်က အတ်မဲ (Atmeh) ဒုက္ခသည်စခန်းမှာ ဓာတ်ပုံဆရာ အော့စ်မန် ဆာအီးရ်လီ (Osman Sağırli) ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ အလွန်ပျံ့နှံ့ခဲ့ပါတယ်။

(အော့စ်မန် ဆာအီးရ်လီ (Osman Sağırli) ရိုက်ကူးခဲ့တဲ့ ဟူဒီယာ (Hudea) ဓါတ်ပုံ နဲ့ ရခိုင်ပြည်နယ်က ​ကျောင်းသားငယ်​တွေဗုံးခိုကျင်းမှာခိုလှုံနည်း​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-Osman Sağırli ၊လင်းရောင်ခြည်ဖောင်ဒေးရှင်း)

အေးခိုင်ဦး ရေးသားသည်။

တစ်ခါတုန်းက ကမ္ဘာတစ်ဝန်းကို စိတ်နှလုံးကြေကွဲစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံရှိခဲ့ပါတယ်။ ကလေးမလေးတစ်ယောက်။ လက်နှစ်ဖက်ကို မြှောက်ထားတယ်။မျက်နှာမှာ အပြုံးမရှိဘူး။ သူမရှေ့မှာ စစ်သားတစ်ယောက်လည်း မရှိပါဘူး။ ရှိတာက ကင်မရာတစ်လုံးပါပဲ။ ဒါပေမယ့် သူမက အဲဒီကင်မရာကို သေနတ်လို့ထင်ခဲ့တယ်။ ဆီးရီးယားကလေးမလေး ဟူဒီယာ (Hudea)ရဲ့ဒီဓာတ်ပုံဟာ၂၀၁၄ ခုနှစ်က အတ်မဲ (Atmeh) ဒုက္ခသည်စခန်းမှာ ဓာတ်ပုံဆရာ အော့စ်မန် ဆာအီးရ်လီ (Osman Sağırli) ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ အလွန်ပျံ့နှံ့ခဲ့ပါတယ်။

ဓာတ်ပုံဆရာက အဝေးကနေ telephoto lens နဲ့ ရိုက်ကူးခဲ့တာကြောင့် ကလေးမလေးက ကင်မရာကို လက်နက်လို့ ထင်ခဲ့တာဖြစ်ပါတယ်။ ပုံတစ်ပုံတည်းနဲ့ ကမ္ဘာကြီးက နားလည်သွားခဲ့တယ်။ စစ်ပွဲဆိုတာ ကလေးတွေရဲ့ စိတ်ထဲအထိ ဝင်ရောက်သွားတဲ့အရာဆိုတာပါ။

ဒီနေ့ မြန်မာနိုင်ငံမှာလည်း အဲဒီလက်နှစ်ဖက်တွေ ရှိနေပါတယ်။အဲဒီဓာတ်ပုံကို မြန်မာနိုင်ငံကကလေးတစ်ယောက်မြင်မယ်ဆိုရင် သူ့အတွက်အဲဒီကလေးမလေးဟာမထူးဆန်းလောက်ပါဘူး။။ မြန်မာနိုင်ငံမှာ ကလေးတွေအတွက်တော့ စစ်မြေပြင်ဆိုတာ မြေပုံပေါ်က နေရာတစ်ခုတည်းမဟုတ်တော့ပါဘူး။တကယ့် တိုက်ပွဲနေရာမဟုတ်တော့ပါဘူး။ ကျောင်းဖြစ်နိုင်တယ်။ ဈေးဖြစ်နိုင်တယ်။

Public Service Announcement

Public Service Announcement

ဘုန်းကြီးကျောင်းဖြစ်နိုင်တယ်။ ဘုရားကျောင်းဖြစ်နိုင်တယ်။ စစ်ဘေးရှောင်စခန်း ဖြစ်နိုင်တယ်။ ရွာထဲက အိမ်တစ်အိမ်လည်း ဖြစ်နိုင်ပါတယ်။

ဟိုးအရင်က ကောင်းကင်မှာ လေယာဉ်သံကြားရင် လေယာဉ်လာပြီဆိုပြီး အိမ်ထဲကနေ ကလေးတွေ ပြေးထွက်ပြီး မော့ကြည့်တတ်ကြတာ။ မမြင်ရဘူးဆိုတာသိပေမယ့် ချစ်ခင်စွာနဲ့ လေယာဉ်ကို လက်ဝှေ့ယမ်းပြတတ်ကြတာ။ အခုတော့ မြန်မာနိုင်ငံမှာ လေယာဉ်သံကြားရင် လေယာဉ်သံဟာ ကြောက်စရာအသံလို့ ကလေးတွေ သိမှတ်နေခဲ့ပါပြီ။ လေယာဉ်သံကြားတာနဲ့ စာသင်ခန်းထဲက ပြေးထွက်ပြီး ဗုံးခိုကျင်းဆီပြေးရတဲ့ ကလေးတွေ၊ ပြေးချိန်မရတော့လို့စာသင်ခုံအောက်ဝပ်နေရတဲ့ ကလေးတွေ၊ စာသင်ခန်းထဲမှာ စာအုပ်ဖတ်နေရင်းကပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးတွေ၊ ထမင်းစားနေရင်း အသက်ဆုံးရတဲ့ ကလေးတွေ။ ကလေးတွေအတွက် သွေးတွေစွန်းထင်း‌နေတဲ့ စာအုပ်တွေရှိတဲ့ စာသင်ခန်းဆိုတာ လုံခြုံတဲ့နေရာမဟုတ်တော့ပါဘူး။ အိမ်ဆိုတာ လုံခြုံတဲ့နေရာ မဟုတ်တော့ပါဘူး။ ဒုက္ခသည်စခန်းဆိုတာတောင် လုံခြုံတဲ့နေရာမဟုတ်တော့ပါဘူး။

UNICEFကမြန်မာနိုင်ငံမှာကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကလေးတွေအတွက် အရေးကြီးတဲ့နေရာတွေ တိုက်ခိုက်ခံနေရတာကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကယားပြည်နယ်က ကျောင်းနှစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားလေးဦးနဲ့ ဆရာနှစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီအချိန်မှာ ကျောင်းထဲမှာ ကလေး ၁၀၀ ကျော်ရှိခဲ့တယ်လို့ UNICEF က ဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကုန်းကျေးရွာကအထက်တန်းကျောင်းတစ်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် စာသင်ချိန်အတွင်း ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ OHCHR က မှတ်တမ်းတင်ထားပါတယ်။ အဲဒီနေရာမှာအရင်ကစစ်ရေးတိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ မှတ်တမ်းလည်း မရှိခဲ့ပါဘူး။

၂၀၂၅ ခုနှစ် စက်တင်ဘာလမှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က စာသင်ကျောင်းနှစ်ကျောင်းတိုက်ခိုက်ခံရပြီး ကလေးတွေ သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေကို UNICEF က အလွန်စိုးရိမ်ဖွယ်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။၂၀၂၆ခုနှစ်ဖေဖော်ဝါရီလမှာလည်း ရခိုင်နဲ့ စစ်ကိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးအနည်းဆုံး ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ခဲ့ပါတယ်။ မကြာခင် စက်တင်ဘာ ၂၈ ရက် ဗုံးကြဲခံရတဲ့ ကျောက်တော်မြို့။ ဘာ စစ်မြေပြင်မှမဟုတ်တဲ့ သာမန်အရပ်သားတွေသာရှိနေတဲ့ ဈေးအတွင်းထဲ။ အခုထိ အယောက် ၅၀ ခန့် သေဆုံးခဲ့ရပြီ။ အဲဒီနေ့က ပုံတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ကလေးလေး မြန်မာတနိုင်ငံလုံးရဲ့ နှလုံးသားတို့ ကြေမွစေခဲ့တဲ့ပုံ။

ဒါတွေဟာ အနီးစပ်ဆုံး မကြာသေးခင်က ကိန်းဂဏန်းတချို့သာပါ။ဒါပေမယ့်ကိန်းဂဏန်း တစ်ခုချင်းစီရဲ့နောက်မှာမိခင်တစ်ယောက်ရှိတယ်။ဖခင်တစ်ယောက်ရှိတယ်။ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။ ပြီးတော့ ပြန်မရနိုင်တော့တဲ့ ကလေးဘဝတစ်ခု ရှိပါတယ်။ သူတို့ဟာ တစ်စုံတစ်ယောက်ရဲ့ မိခင်၊ ဖခင်၊ သား၊ သမီး၊ ညီမ၊ အစ်ကို ဖြစ်ကြပါတယ်။ ပြီးတော့ အဲဒီအထဲမှာ ကလေးတွေ ပါလာတဲ့အခါ ကလေးတစ်ယောက်အတွက် ဘယ်နေရာက လုံခြုံရမလဲ။

မြန်မာကလေးတစ်ယောက်ရဲ့ အသံကို ကမ္ဘာကြီးက တကယ်ကြားနိုင်မယ်ဆိုရင် သူက ဒီလိုမေးလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့က စာသင်ချင်တာပါ။ ဘာလို့ စာအုပ်အစား ဗုံးသံကို နားထောင်နေရတာလဲ”၊ “ကျွန်တော်တို့က အိမ်မှာ မိဘတွေနဲ့အတူ အိပ်ချင်တာပါ။ ဘာလို့ ညတိုင်း ဘယ်မှာပုန်းရမလဲ စဉ်းစားနေရတာလဲ”၊ “ကျွန်တော်တို့က အသက်ရှင်ချင်တာပါ။ ဒါဟာ တောင်းဆိုမှုများလွန်းတာလား”ဟူဒီယာ က ကင်မရာကိုသေနတ်လို့ထင်ပြီး လက်မြှောက်ခဲ့တယ်။ မြန်မာနိုင်ငံက ကလေးတွေကလည်းတကယ့်လေယာဉ်တွေ၊တကယ့်ဗုံးတွေ၊ တကယ့်ပေါက်ကွဲသံတွေကြားမှာ ကြီးပြင်းနေရပါပြီ။ သူမက ကင်မရာကို သေနတ်လို့ထင်ခဲ့တယ်။ မြန်မာကလေးတွေကလည်း သေနတ်နဲ့ ဗုံးတွေကို တကယ်သိနေကြပါပြီ။ ဒီအချက်ကို ကမ္ဘာကြီးက မမေ့သင့်ပါဘူး။

ကလေးတစ်ယောက်ဟာ လေယာဉ်သံကြားတဲ့အခါ ကောင်းကင်ကို မော့ကြည့်ပြီး “လေယာဉ်ကြီး” လို့ ပြောသင့်တာပါ။ “ဗုံးကျမလား” လို့ မေးစရာ မဖြစ်သင့်ပါဘူး။ ကလေးတစ်ယောက်ဟာ ကျောင်းကိုသွားတဲ့အခါ “ဒီနေ့ ဘာစာသင်မလဲ” လို့ စိတ်ဝင်စားသင့်တာပါ။ “ဒီနေ့ ကျောင်းကို ဗုံးကျမလား” လို့ စဉ်းစားရတာ မဖြစ်သင့်ပါဘူး။ သူတို့လိုချင်တာက မိခင်ရဲ့ရင်ခွင်။ ဖခင်ရဲ့လက်။ ကျောင်းစာအုပ်။သူငယ်ချင်းတွေနဲ့ ကစားရတဲ့နေ့ရက်တွေ။ ညဘက်မှာ ဗုံးသံမကြားဘဲ အိပ်ရတဲ့ အိပ်ရာတစ်ခု။ ဒီလောက်ကလေးသာပါ။

ဟူဒီယာ ရဲ့ပုံကို နောက်တစ်ကြိမ် ပြန်ကြည့်ပါ။ကလေးမလေးရဲ့ လက်နှစ်ဖက်ကို ကြည့်ပါ။ အဲဒီလက်တွေမှာ လက်နက်မရှိဘူး။ ရန်လိုမှုမရှိဘူး။နိုင်ငံရေးမရှိဘူး။ ကြောက်ရွံ့မှုတစ်ခုပဲ ရှိပါတယ်။ပြီးတော့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ မြန်မာနိုင်ငံက ကလေးတွေဟာလည်း ဒီလိုလက်တွေ မြှောက်ပြီး“ကျွန်တော်တို့ကို မပစ်ပါနဲ့” “ကျွန်တော်တို့ကို ဗုံးမကြဲပါနဲ့” “ကျွန်တော်တို့ကို စာသင်ခွင့်ပေးပါ” “ကျွန်တော်တို့ကို ကလေးဘဝပြန်ပေးပါ”လို့ ကမ္ဘာကြီးကို ပြောနေကြတာ မဟုတ်ပါဘူးလား။ အဲဒီအသံတွေကို ကမ္ဘာကြီး မကြားဘဲ နေသင့်ပါသလား။

ကလေးတစ်ယောက်ရဲ့ လက်မြှောက်ထားမှုဟာ အညံ့ခံခြင်း မဟုတ်ပါဘူး။ တစ်ခါတလေမှာ လူကြီးတွေက သူတို့ကို ကာကွယ်ပေးဖို့ မအောင်မြင်ခဲ့ကြောင်း ပြောနေတဲ့ အော်သံတစ်ခုသာ ဖြစ်ပါတယ်။ ပြီးတော့ ဒီကလေးတွေဟာ စစ်ပွဲတစ်ခုရဲ့ “ဘေးထွက်ဆိုးကျိုး” မဟုတ်ပါဘူး။ သူတို့ဟာ ကာကွယ်ရမယ့် လူသားတွေပါ။ ကမ္ဘာကြီးရဲ့ အနာဂတ်ပါ။ သူတို့အတွက် အနာဂတ်တစ်ခု ရှိနေဖို့အတွက် ဒီနေ့ သူတို့ကို အသက်ရှင်ခွင့်၊ လုံခြုံခွင့်၊ စာသင်ခွင့် ပေးရပါမယ်။

ဟူဒီယာ ရဲ့ လက်နှစ်ဖက်ကို ကမ္ဘာကြီးက တစ်ခါမြင်ခဲ့ပြီး နာကျင်ခဲ့ဖူးပါတယ်။ မြန်မာကလေးတွေရဲ့ လက်နှစ်ဖက်ကိုလည်း ကမ္ဘာကြီး မြင်ပါစေ။ သူတို့ မေးနေတဲ့ မေးခွန်းကို ကြားပါစေ။မြန်မာကလေးတွေရဲ့ လက်မြှောက်သံကို ကမ္ဘာကြီးကြားပါစေ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ ကျောင်းသားတွေကို လက်ခံ သင်ကြားပေးနေတဲ့ တရားမဝင် ကျောင်းတစ်ခု ဖွင့်လှစ်ထားတယ်ဆိုတဲ့စွပ်စွဲချက်အတွက် ခရစ်ယာန် ဘုရားကျောင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကစီးနင်းစစ်ဆေးခဲ့ပါတယ်။