အောက်တိုဘာ ၃၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။
ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ စျေးနဲ့ တံတားအနီးနေရာတွေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ ဦးထက်မနည်းသေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျောက်တော်မြို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
“အိမ်ပြိုတာ ပြင်လို့ရပါတယ်။ စိတ်နာသွားရင် ပြင်လို့မရပါဘူး။ နောက်ဆုံး ထိပ်တိုက်တွေ့နေရတာက အောက်ခြေစစ်သားတွေပဲမို့ ဖြစ်သမျှဒဏ် ငဝက်တွေ ခံကြရဦးမှာပါ။စစ်တပ်ဝတ်စုံ ဝတ်ထားသမျှတော့ ‘ငဝက်’လို့ သတ်မှတ် ဆက်ဆံခံနေရဦးမှာပဲမို့ အမြင်မှန်ရသင့်ကြပါပြီ။ ဖြစ်သမျှဒဏ် ငဝက်တွေ မခံကြပါနဲ့တော့” လို့ ပြည်သူ့ပန်းတိုင်က စစ်တပ်ခေါင်းဆောင်တွေရဲ့ အရပ်သား ပြည်သူတွေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှု လုပ်ရပ်တွေက စစ်တပ် လက်အောက်ငယ်သားတွေအပေါ် သက်ရောက်လာနိုင်ခြေအပေါ် ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက် အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်ထားပါတယ်။
ပြည်သူ့ပန်းတိုင်က ထုတ်ပြန်တဲ့ စာရင်းတွေအရ စက်တင်ဘာ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ စက်တင်ဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၄၀၃၇ ဦးထိရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။



















































