အောက်တိုဘာ-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ခမောက်ကြီးမြို့နယ်အတွင်းစစ်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ ပတ်သက်ပြီးလို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအောက်တိုဘာလ(၃)ရက်မှာ ထုတ်ပြန်တာပါ။
ကော့သောင်းတပ်နယ်နဲ့ ခမောက်ကြီးတပ်နယ်ကနေ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ထွက်လာတဲ့ အင်အား ၁၅၀ခန့်ပါစစ်တပ်စစ်ကြောင်းဟာ ဒေသတွင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ခမောက်ကြီးမြို့နယ်၊အောင်ချမ်းသာကျေးရွာ၊လုံးဖောကျေးရွာတို့မှာ ဒေသခံ ၁၃ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ထားတယ်လို့ အသိပေးထားပါတယ်။
စက်တင်ဘာလ ၂၇ရက်နေ့မှာလုံးဖောကျေးရွာအတွင်း ဝင်လာလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးထိုင်းနိုင်ငံဘက်သို့ စက်လှေနဲ့ ထွက်ပြေးစဉ် စက်လှေတိမ်းမှောက်လို့ ပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကိုမသိရသေးပါဘူး။
စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။စက်တင်ဘာလ ၅ရက်နေ့တက အောင်ချမ်းသာကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားလေးဦး သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာ ရသွားတယ်လို့ လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကစစ်ကြောင်းထိုးနေသလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်တယ်အတွက်ဒေသခံပြည်သူတွေ စစ်ရေးသတိ၊ စစ်ရေးအသိ အမြဲမပြတ် ရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။
တနင်္သာရီတိုင်းအတွင်းလောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီး ဒေသခံတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။
ရေဘေးသင့် ဒေသတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးအရပ်သားတွေကိုဖမ်းဆီးနေသလို ထားဝယ်မြို့နယ်က လူငယ်တွေကိုလည်း ပေါ်တာစွဲဖမ်းဆီးနေပါတယ်။ဘေးသင့်ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်တိုက်လုပ်နေပါတယ်။
စက်တင်ဘာလ၃၀ရက်နေ့က ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး အောက်တိုဘာလ၁ရက်နေ့မှာတော့ သရက်ချောင်းမြို့နယ်ထဲကို လေကြောင်းကနေဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပတ်ချာလည်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ထားဝယ်ခရိုင်ထဲက ရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်း မြေပြင်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ရေဘေးနဲ့ မြေပ်ြိုမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေ သဘာဝဘေးရင်ဆိုင်နေရချိန်မှာလေကြောင်းတိုက်ခိုက်တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းတနင်္သာရီဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။



















































