အောက်တိုဘာ၂-၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ် ပျံလွှား (ခေါ်) ဝေဇင်အောင် (ခ) ဝေကြီး ဟာ စစ်တပ်နဲ့ ပေါင်းသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ပြည်သူအများအပြားသေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်နဲ့ ပေါင်းသွားတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါပေမယ့်အချို့က အဖမ်းခံရတာလို့ပြောတာလည်းရှိပါတယ်။
အောက်တိုဘာလ ၁ရက်ညနေ ၆ နာရီအချိန်ခန့်မှာ မုံရွာမြို့နယ်၊ မြေနဲကျေးရွာ (စစ်တပ်ရှိ) နဲ့ အောင်သာကျေးရွာကြား မုံရွာ – မန္တလေး လမ်းပိုင်းအား ဖြတ်ကူးစဥ်စစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ကနဦးသတင်းထွက်ခဲ့ပေမယ့် အမှန်မှာ စစ်တပ်ဂိတ်သို့သွားရောက်ပူးပေါင်းခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

Public Service Announcement
၎င်းနဲ့အတူကျပ်သိန်းတစ်ရာကျော်နဲ့သေနတ် (၁ ) လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း”အခုလောလောဆယ်သူတယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက်နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အဆင်ပြေပါတယ်”လို့ ပြောပါတယ်။
ပျံလွှားဆိုသူဟာမုံရွာခရိုင်တပ်ရင်း(၁၅)စတင်တည်ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ပေမယ့် ချောင်းဦးမြို့နယ်မှာ တော်လှန်ရေးအဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပြီး (6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက်ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ပျံလွှားစစ်တပ် နဲ့ပေါင်းပြီးတော့ ဒီနေ့ညနေပိုင်းမှာ စစ်တပ်ကလေကြောင်းကနေ ဆက်တိုက်လာရောက်တိုက်ခိုက်ခဲ့တာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။
ပျံလွှားစစ်တပ်နဲ့ပေါင်းသွားပြီးနောက် ဒီနေ့ ညနေ ပိုင်းမှာချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ၇ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ (၈) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒဏ်ရာရသူတွေထဲမှာ ၅ ဦးကပြင်းထန်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် မုံရွာခရိုင်၊အရာတော်မြို့နယ်တောင်ခြမ်း၊ ကံရင်းရွာကိုလည်းစစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။
စစ်တပ်က အရာတော်မြို့နယ်တောင်ခြမ်းကိုတံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာဖြင့်ညနေ ၄နာရီ ၄၀မိနစ်မှာတစ်ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာဖြင့်ညနေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်လေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ် ။
ဒါ့အပြင် ချောင်းဦးမြို့နယ်အတွင်းကိုလည်း မိတ္ထီလာရှမ်းတဲလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂စီး နဲ့ ညနေ ၄ နာရီ ၅၀ မိနစ် ခန့်၊ ၄ နာရီ ၄၃မိနစ် ခန့်၊ ၄ နာရီ ၄၅ မိနစ် ခန့်၊ ၄ နာရီ ၅၉ မိနစ် ခန့် တို့မှာ စုစုပေါင်းဗုံး ၄ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင်ညောင်ဦးလေဆိပ်တက် MI -35 တစ်စီးကလည်း ညနေ ၅ နာရီ ၅ မိနစ်အချိန် မှာချောင်းဦး မြို့နယ်အတွင်း လေကြောင်းကနေတိုက်ခိုက်ခဲ့ပါသေးတယ် ။
ပျံလွှားဟာ စစ်တပ်နဲ့ပူးပေါင်းသွားတာကြောင့်သူနဲ့ဖေစ်ဘွခ်အပါအဝင် လူမှုကွန်ယက်မှာ Friend ဖြစ်နေရင် unfriend လုပ်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူအချို့ကြား အပြန်အလှန်သတိပေးနေကြပါတယ်။



















































