Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တိုက်ပွဲ နေရာအချို့ဆုံးရှုံးအထိနာတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ဟု ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက ၂၀၂၄ နိုဝင်ဘာ ၂၇ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဝါရှောင်ဆရာတော်)

ဖေဖော်ဝါရီ-၄၊ ၂၀၂၆။ ဆန်အောင်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ဟု ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

ဖေဖော်ဝါရီ ၂ရက်မှာ KIAက ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသနဲ့ မိုင်းနားဒေသက စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ရက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိခဲ့တာပါ။

တပ်စခန်းနေရာအချို့ လက်လွှတ်ခဲ့ရတဲ့ စစ်ကော်စီက ဖေဖော်ဝါရီ ၃ရက်မှာ အင်အား ၃၀၀လောက်နဲ့ တန်ပြန်ထိုးစစ်လုပ်လာတာ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ထိုးလို့မရလို့ထိခိုက်မှုများပြီး မိုင်းနားဘက် ပြန်ဆုတ်သွားကြတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဖေဖော်ဝါရီ ၃ရက်မှာ မိုင်းနားဒေသဘက်မှ စစ်ကောင်စီတပ်နဲ့ ၆ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီ ခြေကုတ်နေရာ ၃နေရာ ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း၊ လက်နက်နဲ့ ဒရုန်းတွေသိမ်းရခဲ့ဟု လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့သလို မြစ်ကြီးနားဘက်ကလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်းရေးသားထားပါတယ်။

အဲဒီရေးသားမှုမှာပါတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး KIAသတင်းရင်းမြစ်တစ်ဦးက “အဲဒီလိုတွေတော့ ကြားတယ်။ ဖြစ်နိုင်ပါတယ်။ သေချာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

အခြေအနေတွေ ထပ်မံသိရဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီနဲ့ KIAတို့ဟာ အခု ဖေဖော်ဝါရီ လဆန်းမှာ ဝိုင်းမော်၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ ဖားကန့်ဒေသမှာ စစ်ကောင်စီက ထိုးစစ်ဆင်လာတာကို KIAပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အင်းတော်ကြီးဒေသမှာတော့ KIAဘက်က ထိုးစစ်ဆင်တာဖြစ်ပြီး စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေ နေရာယူထားတဲ့ စခန်းနေရာအချို့ကို သိမ်းပိုက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဝိုင်းမော်ဘက်မှာတော့ KIAက ၂၀၂၅ နှစ်ကုန်ပိုင်းက လက်လွှတ်ထားရတဲ့ နေရာတွေ ပြန်ရဖို့ထိုးစစ်ဆင်တာဖြစ်ပြီး စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်လုပ်လို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

Trending

Facebook