■သမ္ဗာန်သမားအချို့ အလုပ်ပြောင်းဖို့စီစဥ်
ဖေဖော်ဝါရီ-၈၊၂၀၂၆။သုည/People’s Spring
ရန်ကုန်နဲ့ဒလမြို့ကို ကူးသန်းတဲ့ ရန်ကုန်မြစ်ကူးတံတားဖွင့်လှစ်ခဲ့ပြီးနောက်မှာဒလ-ရန်ကုန် ပြေးဆွဲနေတဲ့ သမ္ဗာန်သမားတွေရဲ့အလုပ်အပေါ် ခြိမ်းခြောက်မှုရှိလာပြီးအခက်ကြုံတွေ့လာရပြီလို့သမ္ဗာန်သမားတွေကပြောပါတယ် ။

အရင်ကဒလမြို့တဖက်ကမ်း နဲ့ ရန်ကုန်ဘက်ခြမ်းကို ခရီးသည်တွေ သွားလာဖို့ သမ္ဗာန်တွေကိုသာ အားကိုးနေရသော်လည်း ယခုအခါတံတားသစ်ပေါ်ကနေ ဖြတ်သန်းလာနိုင်တဲ့အတွက် ခရီးသည်ရှားပါးမှုနဲ့ ကြုံလာရကြောင်း သမ္ဗာန်သမားအချို့ကပြောပါတယ်။

Public Service Announcement
“တံတားဖွင့်ပြီးထဲက အရင်လောက် ခရီးသည်က မရတော့ဘူး။ခေါက်ရေ အရမ်းမဆွဲရတော့ဘူး။ သိသိသာသာ ကျဆင်းတာမျိုးတော့ မဟုတ်သေးပေမယ့် နည်းနည်းတော့ နည်းလာတယ်။ နောက်ပိုင်းမှာ လိုင်းကားတွေလည်း ဆွဲလာမှာဆိုတော့ ခရီးသည်ရဖို့ ပိုခက်လာနိုင်ပါတယ်။အခြားအလုပ်ပြောင်းဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ဒလဘက်မှာတော့သုံးဘီးဆိုင်ကယ်မောင်းတာ၊ ဆိုက်ကားနင်းတာမျိုးပဲ လုပ်စရာရှိတာပါ” လို့ သမ္ဗာန်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒလတဖက်ကမ်းမှ ရန်ကုန်မြို့သို့သမ္ဗာန်ခမှာ ခရီးသည်တစ်ဦးကိုအသွား ၄၀၀ ကျပ်၊အပြန် ၄၀၀ ကျပ်ပေးရပါတယ်။ ဒလ-ရန်ကုန် ပြေးဆွဲနေတဲ့ သမ္ဗာန်သမားဦးရေ ရာနဲ့ချီရှိတယ်လို့သမ္ဗာန်သမားတွေကပြောပါတယ်။
ဒါပေမယ့် ရန်ကုန်-ဒလမြစ်ကူးတံတားကိုလက်ရှိမှာကားတွေ ဖြတ်သန်းသွားလာခွင့်ပြုထားပေ

မယ့်YBS ဘတ်စ်ကားတွေသွားလာခြင်းမရှိသေးသလို တံတားကိုည၉နာရီအထိသာဖွင့်လှစ်သေးတဲ့အတွက် အလုပ်ပြန်နောက်ကျသူဝန်ထမ်းတွေအနေနဲ့ အဆင်မပြေသေးကြောင်း ဒလမြို့ခံအချို့က ဆိုပါတယ်။
အဆိုပါ မြစ်ကူးတံတားကို မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားအဖြစ် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ပန္နက်တင်ပြီး စီမံကိန်းစခဲ့တာဖြစ်ပါတယ် ။၂၀၂၁ မှာစစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်းတွေခေတ္တရပ်တန့်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၁ နှစ်ကုန်ပိုင်းမှာ တံတားတည်ဆောက်ရေးတွေပြန်စခဲ့သလို အာဏာသိမ်းစစ်တပ်က တံတားအမြန်ဖွင့်နိုင်ဖို့ လောပြီး ဆောက်ခိုင်းသလို တံတားဆောက်ပြီး ဖွင့်ပွဲကိုအာဏာသိမ်း ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပြီး စစ်ကောင်စီရဲ့အောင်မြင်မှုအဖြစ် အကြီးအကျယ်ဝါဒဖြန့်နေတာကိုတွေ့ရပါတယ်။


















































