ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။ ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာကို ဝင်ရောက်တပ်စွဲလိုက်တဲ့ စစ်ကြောင်းက တောင်ဘက်ထွက်လာတာမို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။
ဖေဖော်ဝါရီ ၁၁ရက် မနေ့က မနက် ၄နာရီလောက်မှာ ကျောက်မြောင်း ခလရ(၁၂)တပ်က အင်အား ၃၀၀ကျော်နဲ့ သစ်ဆိမ့်ရွာကို စစ်ကြောင်းထိုးလာတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး သစ်ဆိမ့်ရွာကို တော်လှန်ရေး တပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

“စကစဘက်က ပထမဆုံး ကင်းထောက် လေယာဉ်ဝဲတယ်။ အဲတာပြီးရင် အသေခံဒရုန်း တွေကြဲတာ။ ဒရုန်းကို တခါသုံးရင် ၅စီးလောက်အထိ သုံးတာတွေ့ရတယ်။ သူတို့ဘက်ကအထိနာပြီဆိုရင် ခလရ(၁၂)ကနေ ၁၂၀မမ နဲ့ပစ်ကူပေးတာ။ တော်တော်ကြမ်းကြမ်းတမ်းတမ်းထိုးစစ်ဆင်တယ်လို့ ပြောရမယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မနေ့က အဲဒီနေရာကို စွန့်လွှတ်လိုက်ရပြီး သစ်ဆိမ့်ရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲလိုက်တာလို့ သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ရက် မနက် ၉နာရီမှာ သစ်ဆိမ့်ရွာအနောက်က ရေဖြူလမ်းစုံ(ဗျူဟာလမ်းပိုင်း)ကို ထွက်လာတာမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၂ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရကာ စစ်ကောင်စီဘက်က အသေခံဒရုန်း ၅စီးနဲ့ ဆက်တိုက်ဗုံးကြဲနေသလို ခလရ(၁၂)ကလည်း လက်နက်ကြီး ပစ်ကူ ပေးနေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။
သစ်ဆိမ့်ရွာဟာ ကျေးရွာကြီးတရွာဖြစ်ပြီး တိုက်နယ်ရဲစခန်းရှိကာ ၂၀၂၁ခုနှစ်ကတည်းက တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့တာပါ။
အဲဒီရွာဟာ မန္တလေး-ကျောက်မြောင်း ရေလမ်းကြောင်းအတွက်လည်း အရေးပါပြီး စစ်တပ်က စဉ့်ကူးမြို့နယ်ကနေ အင်အားပို့ ထိုးစစ်ဆင်နေတာပါ။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က အမျိုးသား ၇ဦးကို စစ်တပ်က ဖမ်းဆီးပြီး ကျေးရွာမှာတင် အရှင်လတ်လတ်မီးရှို့ခဲ့သလို မကြာခဏ မီးရှို့ခံနေရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။


















































