ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေ ရပ်တန့်မသွားတဲ့ အပြင် ပိုမိုဆိုးရွားလာနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီလဆန်းမှာထုတ်ပြန်ထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူ ၅ထောင်ဦး နီးပါးမှာ ကလေးငယ် ၆၅၈ဦး ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ အာဏာကို အတင်းအဓမ္မ သက်တမ်းတိုးဖို့အတွက် အတုအယောင် ရွေးကောက်ပွဲဟန်ပြကျင်းပခဲ့ပေမယ့် မြေပြင်မှာ ပြည်သူအပေါ် ကျူးလွန်နေတဲ့ ရက်စက်မှုတွေ ပိုတိုးလုပ်ဆောင်နေတာလို့ ဆိုပါတယ်။
၂၀၂၆ ဇန်နဝါရီ ၃၁ရက်အထိ စာရင်းတွေအရ ရင်နာစရာအချက်အလက်တွေကို တွေ့ရမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

Public Service Announcement
ရွေးကောက်ပွဲလုပ်နေပါတယ်လို့ ကမ္ဘာကို လိမ်ညာနေချိန်မှာဘဲ အရပ်သားတွေအပေါ် လေကြောင်းကနေတိုက်ခိုက်မှု အကြိမ်ပေါင်း ၄,၇၅၀ ကြိမ်အထိ တိုးလာအောင် တိုက်ခိုက်ခဲ့ပါတယ် လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄,၈၅၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် ၆၅၈ ဦးတောင် ပါဝင်နေပါတယ်။
စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံပေါင်း တထောင်ကျော် ၁,၂၇၂ ခုကိုလည်း ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။
” စစ်အုပ်စုဟာ လူမဆန်စွာ ရက်စက်ပြနေဆဲပါ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၅၀၁ မှု ကျူးလွန်ခဲ့ပြီး သေဆုံးသူ ၅,၁၈၈ ဦး အထိ ရှိလာပါပြီ။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၉၄၀ နဲ့ ကလေးငယ် ၅၇၈ ဦး ပါဝင်နေတာဟာ သူတို့ရဲ့ တကယ့်ပစ်မှတ်က ဘယ်သူတွေလဲဆိုတာ ပြနေတာပါပဲ” လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ရှုံးမှုကို ဖုံးကွယ်ဖို့ ပြည်သူကို ပြည်သူချင်း တန်ပြန်တိုက်ခိုက်ခိုင်းဖို့ အဓမ္မစစ်သားစုဆောင်းမှုတွေဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဖော်ပြပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၂၃,၉၀၈ခုကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း၊ အဲဒီထဲမှာမှ တရားလက်လွတ် သတ်ဖြတ်ခံရမှု(Extrajudicial Killing) ဖြစ်စဉ်တွေက ၅,၄၆၃ မှုရှိနေပြီး စစ်ကိုင်းဒေသကတော့ အများဆုံး ကျူးလွန်ခံနေရတဲ့ ဒေသ ဖြစ်နေဆဲဟု အသိပေးပါတယ်။
စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရခိုင်၊ချင်း ၊ကရင်အပါအဝင် နိုင်ငံတဝန်းမှာ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူတွေအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။


















































