ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ နေအိမ်နဲ့ ကုန်မာဆိုင် အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းက တံတားဦးလေတပ်ကနေ တက်လာတဲ့ MIG-29 ဖိုက်တာ တစ်စီးဟာ မြိုင်မြို့နယ်အလယ်ပိုင်းက မြင်စိုင်းကုန်းလမ်းဆုံကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိပေမဲ့ နေအိမ်နဲ့ စျေးဆိုင်ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

Public Service Announcement

“အဲဘက်နားတွေက လေယာဥ်ခဏချင်းချနေတာ။ သူတို့ပျင်းတိုင်းတောင်ချနေသလား မှတ်ထင်ရတယ်။ ဆယ်ကြိမ်လောက်တောင် ရှိရော့မယ်။ လေယာဥ်သံကြားရင် ပုန်းပြီးသား။ မထိခိုက်တော့ဘူး။ စစ်ကောင်စီလေယာဥ်တွေနဲ့သုံးရင် လူတွေကတော့ အိမ်တွေပျက်တာကလွဲရင် လူတွေကသေမှာမဟုတ်တော့ဘူး အဲနားက။ ခဏရှိအဲနားချ ခဏရှိ အဲနားချဆိုတော့ သူတို့က ရှောင်တတ်နေပြီ။”လို့ ဆရာထွေးက ဆိုပါတယ်။
စစ်ကောင်စီဟာ နောက်ထပ်တိုက်ခိုက်နိုင်တဲ့အတွက် သတိထားနေကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိပေးထားပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကပဲ မြိုင်နယ်နဲ့ နယ်မြေချင်းထိဆက်နေတဲ့ ပေါက်မြို့နယ်က ချက်ကန်ရွာက စျေးဆိုင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လူငယ်နဲ့သက်ကြီးရွယ်အိုတွေအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့ပါသေးတယ်။


















































