ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊ အောင်လံမြို့က ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊အမှတ်(၉၀၂)တပ်ရင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။
အင်အား ၃၀ဝန်းကျင်ပါတဲ့ စစ်တပ်ရဲ့သံပြာကာ ကားကို မိုးကောင်းနဲ့ တောင်ဗွေကျေးရွာကြားမှာ အခု ဖေဖော်ဝါရီ ၁၁ရက်က တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်က သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement
“စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းတွေနဲ့တွဲပါလာတဲ့ ကားကိုတိုက်ခိုက်ခဲ့တာ။အောင်လံကနေ ကိုးပင်ဘက်ကိုဦးတည်သွားတဲ့ကားတွေ။ပြည်လမ်းမကြီးပေါ်မှာ။မကွေးဘက်အထိပို့မယ့် ထောက်ပို့ယာဥ်တန်း”လို့ အောင်လံမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်တပ်ယာဥ်ကို နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဗျူဟာ(၁၇)က အမှတ် ၉၀၂၊၈၀၄ ၊အောင်လံ ပကဖ နဲ့ သရက်ခရိုင် တပ်ရင်း(၁)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခု ဖေဖော်ဝါရီလဆန်းပိုင်းက မင်းတုန်းမြို့နယ် မှာ စစ်ကြောင်းထိုးခဲ့တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တပ်တွေက အောင်လံမြို့နယ်အတွင်း ရောက်ရှိနေပါတယ်။
” အဲ့ဒီစစ်ကြောင်းကတော့အလှုပ်မရှိသေးဘူး”လို့ အောင်လံမြို့နယ်က Yoma Fighter စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
သရက်ခရိုင်က သရက်၊မင်းတုန်း၊ဆင်ပေါင်ဝဲ၊အောင်လံ၊ကံမ နဲ့ အထက်မင်းလှမြို့နယ်တွေမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ခုနစ်ခုထိရှိပါတယ်။
ဒါကြောင့် စစ်ရေးအချက်အလက် မှတ်တမ်းတင်စောင့်ကြည့်သူတွေက သရက်ခရိုင်ဟာ စစ်တပ်ရဲ့ နှလုံးသားနဲ့ စစ်ဗျူဟာအရ စစ်ရဲ့အသက်အိမ်တစ်ခုလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက သရက်၊မင်းတုန်း၊ကံမနဲ့ ဆင်ပေါင်ဝဲ မြို့နယ်တွေက စစ်တပ်စစ်ကြောင်းတွေ ၊စခန်းနဲ့ကာကင်းတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းနိုင်ခဲ့တာ ရှိပါတယ်။


















































