ဖေဖော်ဝါရီ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်မှာ သိမ်းရခဲ့တာဖြစ်ပြီး ၁၂၂မမ ရှေ့တိုက်ဒုံး၊ ၁၂၀မမ ဗုံးသီး၊ ဒရုန်းဗုံးသီး၊ ၈၁ မမ ဗုံးသီး၊ RPG ဗုံးသီးတွေဖြစ်တယ်လို့ The Voice of Chinland က ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြထားသလို The Rihli Voice ရဲ့ ဖော်ပြချက်မှာလည်း စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ အဲဒီလို လက်နက်ကြီးကျည်တွေ ခဲယမ်းတွေသိမ်းရထားတာလို့ အသိပေးထားပါတယ်။
” ဝေဘူလကနေ တက်လာတဲ့ အဖွဲ့တွေနေတဲ့ဘက်ကတွေ့တာ” လို့ ချင်းသတင်းရင်းမြစ်တဦးက ရှင်းပြပါတယ်။ စစ်ကောင်စီဟာ ဖလမ်းကို ပြန်ရဖို့ ဝေဘူလမြို့ဘက်ကနေ ထိုးစစ်ဆင်နေသလို သိုင်းငင်းဘက်ကနေလည်း ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

Public Service Announcement

လက်နက်ခဲယမ်းတွေ သိမ်းရတာအပါအဝင် ဖလမ်းမြို့နယ် စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ တို့ကို ဆက်သွယ်ထားပါတယ်။
ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းမှာ လက်လွှတ်ထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ လေးလကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးရှိပြီး စစ်ကောင်စီတပ်က ပိုအထိနာကာ အရာရှိတွေအပါအဝင် အများအပြား သေဆုံးကာ စစ်သုံ့ပမ်းတွေနဲ့ လက်နက်ခဲယမ်းများစွာလည်း ချင်းပူးပေါင်းတပ်က သိမ်းရထားပါတယ်။


















































