Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းက ရွာတွေမီးရှို့နေတဲ့ တပ်မ(၆၆)ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကြောင်း တိုက်ခိိုက်ခံရပြီး စစ်တပ် ၁၅ဦးကျော် သေဆုံးခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဖေဖော်ဝါရီ – ၁၄ ၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကြောင်း တိုက်ခိိုက်ခံရပြီး စစ်တပ် ၁၅ဦးကျော် သေဆုံးခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ရက်မှာ နတ်တလင်းမြို့နယ် တောင်ညို၊ ကွင်းစမ်း၊ ရွာသာယာကျေးရွာတွေကို မီးရှို့ပြီးနောက် ပြန်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ နတ်စစ်သည်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ တောင်ညိုကနေ ကွင်းစမ်းကို တက်လာတာပါ။ ကွင်းစမ်းကနေ ပြန်တိုက်ထုတ်လိုက်တာပါ ။မီးရှို့တာတော့များတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၁၅ဦးကျော် သေဆုံးခဲ့တဲ့အပြင် MA 2 လက်နက်သိမ်းဆည်းရရှိမှုတွေလည်းရှိခဲ့တယ်လို့ အသိပေးပါတယ်။

“ပြန်ပြေးသွားတယ်။ တောင်ညိုမှာတော့ တချို့ကျန်နေသေးတယ်”လို့ နတ်တလင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်တပ်စစ်ကြောင်းအခြေအနေကို ရှင်းပြပါတယ်။

မင်းဘူးကျွန်းက ပျူစောထီးတွေနဲ့ တောင်ညိုမြို့သစ်ရဲစခန်းက စစ်တပ် ပူးပေါင်းထားတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၇ ရက်ကစပြီး နတ်တလင်းမြို့နယ် အရှေ့ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၉ ရက်မှာလည်း နတ်တလင်းမြို့နယ် ဓမ္မငယ်ကျေးရွာအုပ်စုက နေအိမ် ၃၀နဲ့ မင်းဘူးကျွန်းကျေးရွာအုပ်စုက ဘန်ကောက်တန်း၊ တာဂွကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် အများအပြားမီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ရက်မှာလည်း နတ်တလင်းမြို့ ကွက်သစ်ကျေးရွာက နေအိမ်တွေကိုလည်း ထပ်မံ မီးရှို့တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိိရပါတယ်။

မြေပြင်စစ်ကြောင်းထိုးနေတာတွေကြောင့် ဓမ္မငယ်ကျေးရွာအုပ်စု၊ မင်းဘူးကျွန်းကျေးရွာအုပ်စုက ဘန်ကောက်တန်းနဲ့ တာဂွကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဓာတ်ပုံ – Screen grab

ဆက်စပ်သတင်းများ