ဖေဖော်ဝါရီ-၁၄၊ ၂၀၂၆။ ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့(ဖေဖော်ဝါရီ ၁၄ ရက်)မနက်၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က စစ်ရှောင်စခန်းကို ဗုံးကြဲတာကြောင့် အသက်(၁၀)နှစ်အောက်ကလေးငယ် ၂ဦး ဗုံးစထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ရှောင်ကလေးနှစ်ဦးရဲ့ ဦးခေါင်း နဲ့ မျက်နှာတဝိုက်ကို အစလေးတွေ ထိမှန်ခဲ့တယ်ဗျ။မစိုးရိမ်ရ ဒဏ်ရာလေးရခဲ့တယ်”လို့ ကရင်နီစစ်ရှောင်အရေးကူညီနေတဲ့ကိုဆက်နောင်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

လွိုင်ကော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲလုံးဝမရှိဘဲ စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာလို့ သူက အသိပေးပါတယ်။
မနေ့ညပိုင်းကလည်း လွိုင်ကော်မြို့အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်တဲအိမ်မီးလောင်ခဲ့ပြီး တဲအတွင်းအိပ်ပျော်နေတဲ့ ကလေးငယ် ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဘုရားမီးပူဇော်ထားရာကနေ တဲမီးစွဲလောင်ခဲ့ပြီး အိပ်ပျော်နေကြတဲ့ ကလေးငယ် ၂ဦးရဲ့ ခြေထောက်မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
လွိုင်ကော်၊ဖရူဆို၊ဘောလခဲ၊ဖားဆောင်း၊ဒီးမော့ဆို နဲ့ ဖယ်ခုံမြို့နယ်တွေအပါအဝင် ကရင်နီပြည်နယ်မှာ လူဦးရေ လေးသိန်းဝန်းကျင်မှာ သုံးသိန်းနီးပါးက စစ်ရှောင်နေကြရပါတယ်။


















































