ဖေဖော်ဝါရီ -၁၅ ၊ People’s Spring
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ AIF Myanmar တပ်ဖွဲ့ ရဲ့ အမျိုးသမီးတပ်ဖွဲ့ (WITCH ) ဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ဆီက အသေခံဒရုန်း နည်းပညာအချို့ ရယူထားတယ်လို့ အဲဒီအဖွဲ့ထံကသိရပါတယ်။
WITCH အဖွဲ့ဟာ လက်ရှိမှာ အသေခံဒရုန်းနည်းပညာတွေသုံးပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာပါ။
ယူကရိန်းတပ်ဖွဲ့ဝင်တွေဆီကနေ အသေခံဒရုန်း တိုက်ခိုက်ရေးသင်ခန်းစာတွေရယူခဲ့သလို ချင်းဒေသရဲ့ တောင်ပေါ်ဒေသ မြေမျက်နှာသွင်ပြင်နဲ့ ကိုက်ညီမယ့်ဒရုန်းတိုက်ခိုက်ရေး ဗျုဟာ ကိုလည်း ဖော်ဆောင်နေတယ်လို့ WITCH အဖွဲ့က ဆိုပါတယ်။

Public Service Announcement
ဒါပေမယ့် ယူကရိန်တပ်ဖွဲ့ဝင်တွေထံက အသေခံဒရုန်း အသုံးချနည်းသင်ခန်းစာ ရယူသင်ကြားပုံအသေးစိတ်ကိုတော့ WITCH က အသိမပေးပါဘူး။ WITCHအဖွဲ့ကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ၂၀၂၅ ခုနှစ်မှာဖွဲ့စည်းခဲ့တာပါ။ WITCH အဖွဲ့မှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေပဲ ပါဝင်တာလည်းဖြစ်ပါတယ်။
အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ အသေခံဒရုန်းတွေကိုသုံးပြီး စစ်ကောင်စီတပ်ရဲ့ ဒရုန်းကာကွယ်ရေးစက် တွေကို ကျော်လွှားတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာကို AIF က ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန်ထားတာရှိပါတယ်။ ခြောက်မိုင် အကွာအဝေးက ပစ်မှတ်တွေကို အသေခံဒရုန်းတွေ သုံးပြီး အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်နေပြီလို့လည်းအဲဒီအဖွဲ့က အသိပေးထားပါတယ်။
AIF Myanmar တပ်ဖွဲ့ဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ်က တိုက်ပွဲတွေအပြင် တီးတိန်နဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲအချို့မှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။


















































