Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နဂါးရဲ့ BNRAတပ်စခန်းအချို့ကို ယင်းမာပင်ခရိုင် PDFတပ်ရင်းတွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေက ဒီနေ့ (ဖေဖော်ဝါရီ ၁၇ရက်) မနက်ပိုင်းမှာ စတင်တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

(ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ PDFရဲဘော်တွေနဲ့ ဗိုလ်နဂါးရဲ့ BNRAတပ်က ရဲဘော်တွေ။ ဓာတ်ပုံ − CJ၊BNRA)

ဖေဖော်ဝါရီ−၁၇၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေက ဒီနေ့ (ဖေဖော်ဝါရီ ၁၇ရက်) မနက်ပိုင်းမှာ စတင်တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပုလဲမြို့နယ်က ကျေးရွာ ၂ရွာမှာရှိတဲ့ BNRAတပ်စခန်းတွေကို စတင်တိုက်ခိုက်တာဖြစ်ပြီး ဒေသခံတွေဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်ရဲ့ တပ်ရင်း(၃)က ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄)က ရဲဘော်တစ်ဦးကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ပါတယ်။ စကားများခိုက်ရန်ဖြစ်ပြီး တဖက်နဲ့တဖက်ပစ်ခတ်ရာကနေ သေဆုံးသွားတာလို့ BNRAက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၆ရက် ညမှာတော့ ယင်းမာပင်ခရိုင်က တပ်ရင်းတွေက စစ်ရေးပြင်ဆင်နေတဲ့အကြောင်း BNRAက ထုတ်ပြန်ခဲ့ပါတယ်။BNRA ဂိတ်စခန်းတွေအနီးက MOD တပ်ရင်းတွေပြန်လည်ရုပ်သိမ်းဖို့နဲ့ စစ်ရေးမဖော်ဆောင်ဖို့ ယင်းနေ့ညပိုင်းမှာ BNRAက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၇ရက် မနက်မှာတော့ ကျေးရွာ ၂ရွာက BNRAတပ်စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက စတင်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ MOD တပ်ရင်းတွေဟာ ဒီနေ့နံနက် ၇ နာရီခွဲကစပြီး BNRA ဂိတ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့လည်းဗုံးကြဲနေတယ်လို့ BNRAတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ဒီနေ့မနက်ပိုင်းမှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့BNRA တပ်ဟာ ​တော်လှန်​ရေးတပ်တွေကို မကြာခဏအနှောင့်အယှက်ပေးနေတယ်လို့ ​တော်လှန်​ရေးတပ်အချို့ နဲ့ ​ပြည်သူ​တွေကြားစွပ်စွဲခံရပါတယ်။

BNRAက၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပုလဲမြို့နယ်အတွင်းမှာဝင်ဂိတ်တချို့ဖွင့်ပြီး ငွေတောင်းနေတာတွေလည်း ရှိပါတယ်။အဲဒီဂိတ်တွေကိုပိတ်သိမ်းဖို့ ယင်းမာပင်ခရိုင်ထဲက တပ်ရင်းတွေက သတိပေးခဲ့ဖူးပြီး ၂၀၂၆ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာတော့ ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ကျေးရွာက အခွန်​ကောက်တဲ့ BNRA ဂိတ်နှစ်ခုကို PDF ရဲဘော်တွေက ဝင်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။

​နောက်ပိုင်းမှာ PDF ​တွေက စီးနင်းထားစဥ်ကဖမ်းဆီးထားတဲ့ရဲ​ဘော်အချို့ကိုပြန်လွှတ်​ပေးပြီး လက်နက်​တွေကိုလည်းပြန်​ပေးခဲ့ပါတယ်။အဲဒီ​နောက် ရက်ပိုင်းအကြာမှာ BNRA က ပကဖ ဂိတ်တစ်ဂိတ်ကို ​သေနတ်နဲ့ ပစ်ခတ်စီးနင်းပြီး ရဲ​ဘော်အချို့ကို ဖမ်းခဲ့ပါတယ် ။

ဒါအပြင် ​ဖေ​ဖော်ဝါရီ ၁၂ ရက်မှာ ယင်းမာပင်ခရိုင် PDFတပ်ရင်း (၄)က ရဲ​ဘော်တဦးကို BNRA တပ်ရင်း(၃)က ရဲ​ဘော်နှစ်ဦးကပစ်ခတ်လို့ ​သေဆုံးခဲ့ပါတယ် ။ BNRA က အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ် ။

နှစ်ဖက်ကြားအဲဒီလိုတင်းမာမှု​တွေဖြစ်ခဲ့ပြီး​နောက် ဒီ​နေ့မနက်မှာ​တော့ PDF တပ်ရင်းအချို့က BNRA စခန်းအချို့ကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စခန်း​တွေစီးနင်းတိုက်ခိုက်ခံရတာကို BNRA ​ခေါင်း​ဆောင် ဗိုလ်နဂါးကအခုလိုအတည်ပြုပါတယ်။

“BNRAရဲ့ စခန်းငယ်တွေနဲ့ လုံခြုံရေးဂိတ်တွေလာပြီးတော့ စီးနင်းတိုက်ခိုက်တာမျိုးပါ။ မနေ့တည်းက တိုင်းစီမံချက်နဲ့ ခရိုင်ရင်းတွေ စုနေပေမယ့် ဒီလိုမျိုး လုပ်လိမ့်မယ်လို့တော့ မထင်ဘူးလေ။တဖက်မှာလည်း KIAလို အဖွဲ့တစ်ဖွဲ့က စစ်ဒေသကိုဦးစီးနေတာ။ ဒီလိုမျိုးစည်းကမ်းမဲ့အလုပ်ကို လုပ်မယ်လို့ မထင်ဘူးပေါ့။ လာရင်တောင်မှ ဝိုင်းဝန်းပြီး ဖိအားပေမယ်လို့ ထင်ခဲ့တာ။ ဒရုန်းဗုံးတွေ စက်လက်နက်တွေနဲ့ဝင်စီးတာ”လို့ ဗိုလ်နဂါးက ဆိုပါတယ်။

လက်ရှိမှာ ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပေါ်နေပြီး PDFတပ်ရင်းတွေအနေနဲ့ BNRAကို စစ်ရေးအရအရေးယူမယ်ဆိုရင်လည်း အချိန်တိုအတွင်း ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကို စနစ်တကျစုစည်းဖို့ ပုလဲမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက သတင်းမထုတ်ပြန်သေးပါဘူး။

ဆက်စပ်သတင်းများ

Trending

Facebook