■စစ်အာဏာရှင်တော်လှန်ဖို့ တာဝန်ထမ်းဆောင်ဖို့ခေါ်ယူတာလို့ PDF အချို့ပြော
ဖေဖော်ဝါရီ-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
တမူးမြို့နယ်မှာ လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသားတွေကို PDF တပ်ရင်းအချို့က အဓမ္မတပ်သားသစ်စုဆောင်းနေတာကို ကန့်ကွက်ကြောင်း ရွာအချို့က ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။
စစ်အာဏာရှင်တော်လှန်ရေးအတွက် တာဝန်ထမ်းဖို့ခေါ်တာဖြစ်တယ်လို့ PDF ရဲဘော်အချို့ကတုန့်ပြန်ပါတယ်။

Public Service Announcement

တမူးမြို့နယ်ထဲက မင်းသမီး၊မလူ၊ရွာတာ၊ဘုတ်ကန်၊အောက်တောင်း၊ဇီးဖြူကုန်းရွာတွေက စစ်သားစုဆောင်းခံရတဲ့ သူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက ဖေဖော်ဝါရီ ၁၅ ရက်ညနေပိုင်းမှာစတင် ဆန္ဒပြခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက်က မင်းသမီးကျေးရွာအနီးမှာဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၆ရက်မှာတော့ ဘုတ်ကန်ရွာမှာ ဆိုင်းဘုတ်တွေကိုင်ဆောင်ချီတက်ဆန္ဒထုတ်ဖော်ကြတာပါ။

မတရားသည့်နည်းလမ်းများဖြင့်ပေါ်တာဆွဲမှုတွေကိုရပ်တန့်ရန် ၊ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် ၊လက်နက်အားကိုးနဲ့အနိုင်ကျင့်တဲ့PDF အလိုမရှိဘူးစတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်တဲ့သူတွေကို PDFရဲဘော်တချို့က လမ်းရှင်းပေးတာတွေ၊ ရေတိုက်တာတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ ဘုတ်ကန်ရွာအနီးဆန္ဒထုတ်ဖော်မှုကိုအမှတ်(၁)စစ်ဒေသ၊ တမူးခရိုင်က တာဝန်ရှိသူတချို့က လာရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရဘဲ သေနတ် ၃ ချက်မိုးထောင်ပစ်ဖောက်ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အမှတ်(၁)စစ်ဒေသ၊ ခရိုင်တပ်ရင်း(၁) ရင်းမှူးက မိုးပေါ် ကျည်ထောင်ဖောက်တယ်။ကျည်သုံးချက် ဖောက်တယ်။ ဒီကိစ္စက မဖြစ်သင့်ဘူး။ သူတို့ကပဲ မတရားသဖြင့် ခေါ်ဆောင်သွားတယ်။ လွတ်လပ်စွာလည်းဆန္ဒပြတယ်။ ပြည်သူထဲကပြည်သူပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုတွေကဒီလိုလုပ်တယ်ဆိုတာ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ပုံရိပ်ကိုထိခိုက်စေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တမူးမြို့နယ်ထဲမှာ PDF တပ်ရင်းအချို့က ဒေသခံတွေကိုစစ်သားစုဆောင်းနေမှုဟာ ၂၀၂၅ခုနှစ်၊နှစ်ကုန်ပိုင်းကစတင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။တမူးမြို့နယ်ထဲမှာပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ခမ်ပတ်မြို့နဲ ကနန်ရွာဘက်မှာ တပ်ဖွဲ့ဝင်သစ်စတင်စုဆောင်းခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ တပ်ဖွဲ့ဝင်သစ်စုဆောင်းမှုအခြေအနေတွေပိုဆိုးလာပြီး ညာဘက် ကင်းပုန်းဝပ်ပြီး ဖမ်းဆီးတာ၊ တောင်ယာမှာအိပ်နေသူတွေကို ဖမ်းဆီးတာနဲ့ နေအိမ်ထဲကို ဝင်ရောက်ပြီး ဖမ်းဆီးတာတွေလုပ်နေလို့ ဆန္ဒထုတ်ဖော်တာလို့ဒေသခံတစ်ဦးကပြောပါတယ်။

“သစ်မှောင်ခိုးထုတ်နေတဲ့သူတွေကျတော့ ပေါ်တာမဆွဲဘူး။ နေ့ ညအချိန်မရွေးသွားလာပိုင်ခွင့်ပေးထားတယ်။အခုက မုန့်ညှင်းသိမ်း၊ ပဲနုတ်၊ နွားကျောင်း၊ ကျွဲကျောင်း တဲ့သူတွေကိုအဓိကဆွဲတော့ အဲ့ဒါဆိုတော့လွန်တာပေါ့။ ညဆိုလဲအိမ်မှာမအိပ်ရ။ ပြောရရင်တော့များတယ်။ ရွာမှာလုပ်ပုံလုပ်နည်းလွဲမှားနေလို့ပြောရတာပါ”လို့ဒေသခံတဦးကပြောပါတယ်။
အခုလိုPDF တပ်ဖွဲ့ဝင်စုဆောင်းနေမှုဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက်လုပ်နေတာဖြစ်ပြီး စစ်မှုထမ်းဖို့မသင့်တော်တဲ့သူတွေကို ပြန်လွတ်ပေးနေတယ်လို့ တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
၎င်းက ” PDFတွေလည်း မိသားစုရှိတယ်။ တော်လှန်ရေးမှာ နေသာသလို နေလို့မရဘူး။ ဒါက ပေါ်တာဆွဲတာ မဟုတ်ဘူး။မသင့်လျော်တဲ့သူတွေပါခဲ့ရင်ပြန်လွှတ်ပေးမယ်။အရွယ်ကောင်းတဲ့သူတွေကတော့တော်လှန်ရေးအတွက်တာဝန်ထမ်းဆောင်ရပါမယ်”လို့ ပြောပါတယ်။
တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုအပေါ် တမူးဒေသခံတွေ ဆန္ဒပြတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ NUG ၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီကလည်း”ကျွန်တော်တို့ ဒီလိုမျိုးကိစ္စတွေကို ခုနကလိုမျိုး လူထုကလည်းမကျေနပ်တဲ့ကိစ္စတွေကို လွှတ်ထားလို့ လည်းမရပါဘူး။ လုပ်စရာရှိတာ တားမြစ်စရာရှိတာ တားမြစ်ရမယ်။ ထိန်းကျောင်းစရာရှိတာထိန်းကျောင်းရမယ်။ အဲဒီ့အတွက်လည်း ကျွန်တော်တို့စီစဉ်နေပါတယ်။ သတင်းကြားတယ်ဆိုရင် ဒီဘက်မှာ ချက်ချင်း မေးမြန်း စုံစမ်းနေတာတွေ ဒါမျိုးတွေလုပ်နေပါတယ်” လို့ပြောပါတယ် ။
တမူးဒေသမှာ ဆန္ဒပြခဲ့တဲ့ ဒေသခံပြည်သူတွေက ၂၀၂၅ နှစ်ကုန်ပိုင်းကနေ ၂၀၂၆ နှစ်ဆန်းပိုင်းအထိအမျိုးသားတွေကို တပ်ဖွဲ့ဝင်အသစ်အဖြစ်စုဆောင်းခံရတာ ၁၀၀ ကျော်ရှိတယ်လို့ပြောပါတယ်။ အချို့ ဖြစ်စဥ်တွေမှာ တစ်အိမ်တည်း ၂ ယောက်ခေါ်ယူခံရတာမျိုးပါရှိတယ်လို့ ဆိုကြပါတယ်။အဲဒီလိုခေါ်ယူတဲ့အထဲမှာ တမူးခရိုင်တပ်ရင်း(၄)က အဆိုးဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် ။
“NUGမှာ လောလောဆယ် မူချထားတာ တစ်ပြည်လုံးလွှမ်းခြုံတဲ့ မူချထားတာမရှိသေးဘူး။…။စစ်မှုမထမ်းမနေရလည်း မူအားဖြင့် မထုတ်ပြန်သေးဘူး။တချို့နေရာတွေမှာ လူထုရဲ့ သဘောဆန္ဒနဲ့ ခုနကလိုမျိုးပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီကိစ္စတွေ ပေါ်တာဆွဲတယ်ဆိုတဲ့ဟာမျိုးကတော့ လွဲတယ်။ အသုံးအနှုန်းကိုကလွဲပါတယ်။ ပေါ်တာဆွဲတယ်ဆိုတာ ကျွန်တော်တို့ အရင်တုန်းကရှိခဲ့တာ။ ပေါ်တာဆွဲပြီးပြီဆိုရင် စစ်ပေါ်ဝာာမျိုး ရှေ့တန်းမှာလူသားဒိုင်းလုပ်ပြီး မိုင်းရှင်းခိုင်းတာမျိုး ၊အထုတ်ထမ်းခိုင်းတာမျိုး ၊ ဒါမျိုးတွေကို စစ်ပေါ်တာပေါ့။ဒါမှမဟုတ်လို့ရှိရင်လည်း ဒီအနီးအနားမှာပဲ တခြားအလုပ်ကြမ်းတွေ ဒီလိုမျိုးတွေကိုသာ ပေါ်တာဆွဲတယ်လို့ ခေါ်တာ။ အခုကအဲဒီလိုမျိုးမဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေး လုပ်တဲ့ ကဏ္ဍပေါ့ ။ ဒီဟာနဲ့တော်လှန်ရေးနဲ့ကို တချို့နေရာတွေမှာ ချိန်တွယ်ပြီးဆောင်ရွက်တယ်။ တချို့နေရာတွေမှာကျတော့လည်း မချိန်တွယ်ပဲဆောင်ရွက်တော့ အသံထွက်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒီလိုထွက်လို့ကာကွယ်နေတာမဟုတ်ဘူး။ပြည်သူလူထုရဲ့သဘောဆန္ဒကတော့အဓိက။ တကယ့်ဖြစ်စဉ် အမှန်တွေကိုလည်းသိဖို့လိုတယ်။ ဒါတွေကိုလည်းသိဖို့လိုတယ်။ တားစရာရှိတာတား ရမယ်။ သူတို့ပြဿနာကို ဖြေရှင်းစရာရှိ ဖြေရှင်းပေးရမယ်”လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးကပြောပါတယ်။
အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။စစ်ကောင်စီက တမူးမြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျေးရွာအများစုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ် ။
လက်ရှိမှာ ကလေး-တမူး အာရှလမ်းနဲ့ ကလေးမြို့နယ်ထဲမှာလည်း စစ်ရေးတင်းမာနေပါတယ်။ ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၉ရက်နေ့က ပြုလုပ်ခဲ့တဲ့တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးမအပြီးမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူသစ်စုဆောင်းတာ၊ အဓမ္မဖမ်းဆီးတာ၊ပေါ်တာဆွဲတွေ နိုင်ငံအနှံ့မှာ လုပ်နေပါတယ်။ စစ်မှုထမ်း အပတ်စဉ် တစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ သင်တန်းပေးခဲ့တာ အခုဆိုရင်အပတ်စဉ်(၂၁)အထိရောက်လာပြီဖြစ်ပါတယ်။


















































