ဖေဖော်ဝါရီ -၁၈ ၊၂၀၂၆
တရုတ်ကမ်းလွန်ရေပြင်မှာကုန်တင်သင်္ဘောတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ပြီး မြန်မာနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောရဲ့ အင်ဂျင်ခန်းကနေ မီးစလောင်ခဲ့တာ ဖြစ်တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း ကွပ်ကဲရေးဌာန (MPA)က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Mandy ဆိုတဲ့ ကုန်တင်သင်္ဘော မီးလောင်မှုဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား အမှုထမ်း ၂၅ ဦး လိုက်ပါခဲ့ပြီး စင်ကာပူနိုင်ငံသားတွေ မပါကြောင်း MPAက အတည်ပြုထားပါတယ်။ သင်္ဘောပေါ်က မီးကိုတော့ သင်္ဘောသားတွေက ဝိုင်းဝန်း ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ဖြစ်စဉ်အပြီးမှာတော့ ရေယာဉ် အမှုထမ်း နှစ် ဦး သေဆုံးပြီး နောက် တစ် ဦးကိုတော့ ဒဏ်ရာတွေ ရထားတဲ့အတွက် သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းစေပြီး ဆေးရုံ တင်ခဲ့ရတယ်လို့ သိရပါတယ်။
သင်္ဘောမီးလောင်မှုကိုအကြောင်းပြုပြီးပတ်ဝန်းကျင်ရေထုထိခိုက်ညစ် နွမ်းတဲ့ကိစ္စမျိုးလည်း မဖြစ်ခဲ့ဘူးလို့ MPAက ပြောပါတယ်။ သင်္ဘောရဲ့ မိခင်ကုမ္ပဏီက အခုအခါ ရေယာဉ်ကို တရုတ်ရဲ့ ယန်ထိုင်ဆိပ်ကမ်းဆီ ဆွဲယူဖို့ စီစဉ်နေပါတယ်။
MPA ကထိခိုက်သေဆုံးခဲ့သူတွေရဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး သင်္ဘောရဲ့ ကုမ္ပဏီကိုရော၊ တရုတ် အာဏာပိုင်တွေဆီကိုပါ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ ဆက်သွယ်ထားတယ်လို့လည်း သိရပါတယ်။
ကိုးကား – CNA၊ ဓာတ်ပုံ – VesselFinder


















































