ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA) အောက်ခြေတပ်ဖွဲ့အကြား ပြဿနာဖြစ်ပွားခဲ့မှုကို နှစ်ဖက်တွေ့ဆုံဖြေရှင်းနေပြီး စိုးရိမ်ရတဲ့ အနေအထားမရှိကြောင်း TNLA က ပြောကြားထားပေမယ့် ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးတာ၊ နှစ်ဖက်တပ်တွေ စစ်ရေးပြင်ဆင်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ကွတ်ခိုင်မြို့မှာ MNDAAက CCTV တပ်ဆင်ခဲ့တာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ TNLA က ဝင်ရောက် စီးနင်းရာ နှစ်ဖက်ရဲဘော်တွေ ထိခိုက်မှု ရှိခဲ့တဲ့ ပြဿနာ ဖြစ်ခဲ့တာပါ။
ပြဿနာဖြစ်ပွားမှုကို နှစ်ဖက်ဆွေးနွေးဖြေရှင်းခဲ့ရာ ပြန်လည်ငြိမ်သက်နေပြီဖြစ်သလို ဆက်လက် ဆွေးနွေးသွားဖို့ရှိတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ အသိပေးထားပါတယ်။

Public Service Announcement
ရှမ်းမြောက်အခြေစိုက် သတင်းရင်းမြစ်အချို့ကတော့ ကိုးကန့်တပ်ဖွဲ့က TNLAရဲဘော်တွေကို ဖမ်းဆီးတာ၊ စစ်အင်အားတွေဖြည့်တင်းတာတွေ ရှိသလို TNLAကလည်း ကွတ်ခိုင်မှာ အင်အား အများအပြား ချထားတယ်လို့ ပြောပါတယ်။
” TNLAက ကွတ်ခိုင်မှာ ရုံးထိုင်နေတဲ့ MNDAA ရဲ့ ဌာနဆိုင်ရာ အကုန်လုံးကို သူတို့က ရွှေ့ခိုင်းတယ်။ ပြီးတော့ အဲဒီထဲက အရာရှိတွေကို ဖမ်းသွားတယ်။ ဟိုနေ့ကပဲ MNDAAက လားရှိုးနဲ့ သိန္နီကြားထဲက ရှမ်းရွာမှာ အထိုင်ချထားတဲ့ TNLA ရဲ့ စစ်သား အယောက် ၅၀ကို MNDAAက ပြန်ဖမ်းဆီးသွားတယ်။ တယောက်နဲ့ တယောက် အဲဒီလို ဖြစ်နေတယ်။ အခုကတော့ အရင်တုန်းကထက် ပိုပြီးမှ စစ်ရေးပြင်ဆင်တဲ့ ပုံစံနဲ့ လုပ်နေတာ နှစ်ဖွဲ့စလုံး။ TNLAကလည်း ကွတ်ခိုင်မှာ စစ်အင်အား အများကြီး ချထားတယ်။ MNDAA ဘက်ကလည်း အရင်က သူတို့ နေရာတွေ ပြန်ပြီးမှ အထိုင်ချလို့ရအောင် လူစုဆောင်းနေတယ်။ အဲဒီလို သတင်းတွေ ထွက်နေတယ်။ ဒီတရုတ်နှစ်သစ်ကူး ပြီးရင် တခုခုတော့ လုပ်လောက်တယ်ထင်တယ်” လို့ ရှမ်းမြောက် သတင်းရင်းမြစ်တဦးက ပြောပါတယ်။
အခြားသတင်းရင်းမြစ်တဦးကလည်း ” အပြန်အလှန်ဖမ်းဆီးမှုရှိနေကြတယ် လို့ဒေသခံတွေသတင်းပေးပို့ထားတာရှိပါတယ်”လို့ ပြောကြားပြီး အရေအတွက်နဲ့ ဖြစ်စဉ် အသေးစိတ်တော့ မသိထားဘူးလို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ရက်ကလည်း လောက်ကိုင်ဒေသ ဘက်မှ စစ်ကောင်စီကား အစီး ၃၀နီးပါး ကွတ်ခိုင်ဘက်ကို ဦးတည်လာနေကြောင်း ဒေသခံတွေဆီက သိရတယ်လို့ ပြောပါတယ်။
အဲဒီအခြေအနေတွေကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနဲ့ MNDAA တပ်ဖွဲ့နဲ့နီးစပ်သူအချို့ကို ဆက်သွယ်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပါဘူး။
တခါတရံမြေပြင်မှာ တော်လှန်ရေးတပ်တွေကြားပွတ်တိုက်မှုတွေရှိတက်ပေမယ့် တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်ကိုပဲ အမြဲလုပ်မှာမို့ ပြည်သူတွေမစိုးရိမ်ဖို့ လွေးယေဦးက ဖေဖော်ဝါရီ ဒုတိယပါတ်က People’s Spring ကိုပြောပါတယ်။
“ကျမတို့ MNDAA မဟာမိတ်မှမဟုတ်ဘူး အခြားသော ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ ဒီလက်နက်ကိုင် အထူးသဖြင့် ERO အဖွဲအစည်းတွေနဲ့ ကျမတို့မှာဆိုရင် ပွတ်တိုက်မှုတွေရှိတယ် အငြင်းပွားမှုတွေရှိပါတယ်။ ဒါကတော့ အောက်ခြေမှာ ဖြစ်ပွား နေတဲ့ဟာမျိုးတွေရှိတယ်။ မြေပြင်မှာ ဖြစ်ပွားနေတာရှိတယ်။ ဗဟိုအဆင့်ကတော့ ဒီကိစ္စကို တဖက်နဲ့တဖက်ထိန်းသိမ်းဆောင်ရွက်ဖို ဆက်သွယ်သွားလာနေကြတာမျိုးတွေရှိတယ်။ တွေ့ဆုံဆွေးနွေးရေးကိုပဲ ကျမတို အဓိကထားဖြေရှင်းနေတာဖြစ်ပါတယ်။ ရှေ့လျှောက်လည်း တကယ်လို့ ဒီလိုမျိုးက ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ရှိလည်းရှိနိုင်ပါတယ်။ သို့ပေမယ့် ဒေသခံကတော့ စိုးရိမ်စရာတော့ မရှိဘူး။ ဒါက ကျမတို လမ်းစဉ်အရပဲ တွေ့ဆုံရေးလမ်းစဉ်ကိုပဲ သွားပြီးတော့မှ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”လို့ TNLA ပြောရေးဆိုခွင့်ရှိသူ က People’s Spring နဲ့မေးမြန်းခန်းမှာ ပြောထားပါတယ် ။
ရုပ်သံ – T Awng T Awng


















































