ဖေဖော်ဝါရီ-၁၉၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း လောင်းကစားဝိုင်းတွေ မပြုလုပ်ဖို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကျောက်တံခါးမြို့နယ်အတွင်းက လောင်းကစားဒိုင်အချို့ဟာ စစ်တပ်ရဲ့ လက်အောက်ခံအဖွဲ့တွေကို ငွေကြေးပေးပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတာပါ။
“ကျောက်တံခါး မှန်တန်း လောင်းကစားဝိုင်းဆို ကြံ့ဖွတ်ခေါင်းဆောင် မြင့်လွင်က ဦးဆောင်လုပ်နေတာ။ ရဲ၊ တပ် ၊ ပျူ တွေကို ပွဲစဉ်အစအဆုံး သိန်းတစ်ရာပေးရတယ်“လို့ ကျောက်တံခါးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
လောင်းကစားဝိုင်းတွေရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ ခိုးမှု၊ လုယက်မှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုပိုမိုများပြားလာပြီး ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည်သူတွေရဲ့ အေးချမ်းစွာ နေထိုင်နိုင်ရေးနဲ့ လုံခြုံရေးကို ရှေးရှုပြီး မြို့နယ်အတွင်းမှာ မည်သည့်လောင်းကစားဝိုင်းမျိုးကိုမဆို (လုံးဝ) မပြုလုပ်ကြဖို့ သတိပေးထုတ်ပြန်တာဖြစ်တယ်လို့ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကထုတ်ပြန်ပါတယ်။
စာနဲ့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ပြုလုပ်နေတဲ့ ဖဒိုမြို့၊ ဘိုးပိုက်ဆံ (၄) ရပ်ကွက်က လောင်းကစားဝိုင်းကို ဇန်နဝါရီ(၃)ရက်မှာ ကျောက်တံခါး ပကဖ အဖွဲ့က မိုင်းခွဲကာ နောက်ဆုံးအကြိမ် ထပ်မံသတိပေးခဲ့တာ ပြုလုပ်ခဲ့ပါတယ်။
“အဲ့တုန်းက လောင်းကစားဝိုင်းမှာ လုံခြုံရေးယူပေးနေတဲ့ ရဲစခန်းက တပ်ကြပ် လိုသုံးထိသွားတာ။ ကျောပေါက်ပြီး နက်နဲ အဆုပ်ထိသွားတယ်ပြောတယ်။ခုထိ ဆေးရုံကနေ မဆင်းရသေးဘူး”လို့ ဖဒိုဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီလို သတိပေးတားမြစ်နေတဲ့ကြားက ဆက်ပြီးပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနဲ့လည်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ လောင်းကစားဝိုင်းရှိရာ နေရာတွေနဲ့ ဝေးဝေးနေကြဖို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖက ထုတ်ပြန်ထားပါတယ်။


















































