BNRA ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ဖို့ ပအဖ ထုတ်ပြန်
ဖေဖော်ဝါရီ-၁၉၊ ၂၀၂၆။ အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ထဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဟတ်ယာဉ် ဆယ်ကြိမ်ဆင်းသက်ထားပြီး လက်နက်ခဲယမ်းတွေနဲ့ လူအင်အားတွေ ဆက်တိုက် ပို့နေပါတယ်။
မနက် ၈နာရီကနေ ၁၂နာရီခန့်အတွင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ ရဟတ်ယာဉ်တွေ အတက်အဆင်းလုပ်နေတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement
မုံရွာမြို့နယ်ထဲက ညောင်ပင်ကြီး ဆ်ိပ်ကမ်းမှာလည်း စစ်တပ်ကားတွေ ရပ်ထားပြီး ချင်းတွင်းမြစ်ကြောင်းကနေ ဝင်လာမယ်လို့ သတင်းရထားကြောင်း တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။။
လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ဒေသတွင်းက တော်လှန်ရေးရဲဘော်တစ်ဦးက အခုလို သတိပေးထားပါတယ်။
“ပုလဲကို MI 17နဲ့ အင်အားထပ်ဖြည့်နေတာတွေအပြင် ညောင်ပင်ကြီး ဇက်ဆိပ်ကနေပါ ၁၂ဘီးကားတွေနဲ့ အင်အား ၈၀၀ ကျော်သုံးပြီး မြစ်အနောက်ဖက်ကမ်းကို တပ်ဖြန့်ဝင်လာမယ်လို့ ခုပဲ သတင်းရထားပါတယ်။ သက်ဆိုင်ရာ နယ်မြေခံတပ်တွေရော၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတာဝန်ယူထားသူတွေပါ ခုခံစစ်မဟာဗျူဟာနဲ့ ဒေသန္တရလုံခြုံရေးအစီအမံတွေ အရေးပေါ်ပြင်ဆင်ဖို့ လိုလာပါပြီ။ ဒေသခံပြည်သူတွေအနေနဲ့လည်း မြေပြင်ထိတွေ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနိုင်လို့ တတ်နိုင်သလောက် Battle Zone ထဲပိတ်မိမနေအောင် ကြိုတင်သတိထားရှောင်ရှားဖို့ အထူးတိုက်တွန်းလိုပါတယ်။ ပြည်တွင်းပြည်ပထောက်ပို့ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက လက်ရှိအချိန်မှာ နယ်မြေခံတော်လှန်ရေးအဖွဲ့တွေအပေါ် ချစ်ခြင်း၊မုန်းခြင်း အပထား၊ အရေးပေါ်အခြေအနေမလို့ တတ်နိုင်သမျှ ကူညီဝိုင်းဝန်းကြဖို့ပါပဲ”လို့ တော်လှန်ရေးရဲဘော်က လူမှုကွန်ရက်ကတဆင့် သတိပေးတာပါ။
ဒေသခံ PDF ရဲဘော်တွေကလည်း စစ်ကောင်စီရဟတ်ယာဉ်တွေ ပုလဲမြို့ဘောလုံးကွင်းထဲကို ဆင်းသက်နေပြီး လက်နက်ခဲယမ်းတွေ ပို့နေတယ်လို့ ပြောပါတယ်။
ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၈ရက်မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ဗိုလ်နဂါး ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ ပုလဲမြို့နယ်ထဲက BNRA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ပုလဲမြို့နယ် စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာပြုလုပ်လာတာဖြစ်ပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်ဟာ လူထုအပေါ် ဖိနှိပ်မှုနဲ့ရာဇဝတ်မှုတွေအပြင် NUGလက်အောက်ခံအရပ်ဖက်ဝန်ထမ်းတွေအပေါ် ကျုးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။
ဖေဖော်ဝါရီ ၁၇ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးမှာ BNRA တပ်ဖွဲ့ဝင်အချို့ဟာ PDFနဲ့ ပကဖထံ လက်နက်ချပူးပေါင်းလာသူတွေလည်း ရှိပါတယ်။ စုစုပေါင်း အင်အား၁၅၀ခန့် လက်နက်ချတာ၊ အလင်းဝင်တာရှိတယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင်အတွင်း BNRAက ထုတ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ ခရိုင်/မြို့နယ် ပကဖ အဖွဲ့တွေကို ချိတ်ဆက်ပြီး လက်နက်တွေနဲ့ဆက်စပ်ပစ္စည်းတွေ အပ်နှံကြဖို့ ယင်းမာပင်ခရိုင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
BNRAက ထုတ်ပေးထားတဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများမပြုလုပ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် ပြင်းထန်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။


















































