ဖေဖော်ဝါရီ ၂၀၊၂၀၂၆။ဇေအောင်/People’s Spring
ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ခ်အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ မသင့်တော်တဲ့အပြုအမူတွေ တင်နေကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကို ထိန်းကြဖို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌက မိန့်ကြားပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေးမှာ အဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားခဲ့တာပါ။
ဒီကနေ့ခေတ်မှာ ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ်စတဲ့ လူမှုကွန်ရက်တွေမှာ ရဟန်း၊ သာမဏေ၊ သီလရှင်တွေရဲ့ သမဏသာရုပ္ပမဖြစ်တဲ့ အပြုအမူတွေ လွှင့်တင်ဆောင်ရွက်နေခြင်း၊ ဓမ္မဝိနယနဲ့ မလျော်ညီဘဲ ဟောပြောပြသနေကြခြင်း၊ သာသနာအတွင်းသားမဟုတ်တဲ့ ပုဂ္ဂိုလ်များရဲ့ သာသနာတော်ဂုဏ်ရှိန်ကို ညှိုးမှိန်စေတဲ့ ပြောဆိုပြုမူနေခြင်းတွေကိုလည်း မကြာခဏ တွေ့မြင်နေရကြောင်း၊ အဲဒီဖြစ်စဥ်တွေဟာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားပါတယ်။

Public Service Announcement
လက်ရှိမှာတော့ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ တစ်တော့ခ်မှာ နိုင်ငံရေး၊စစ်ရေး၊ လူမှုရေးတွေမှာ ဝင်ရောက်ပြောဆိုတာတွေ တင်လေ့ရှိပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
“တရားဟောတဲ့ ပါးစပ်နဲ့ မတရားမှုတွေကို အားပေးချီးကျူးနေတဲ့ သင်္ကန်းအရေခြုံ ပုဂ္ဂိုလ်တွေကို သံဃာအဖြစ် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုးကွယ်သင့်လား မကိုးကွယ်သင့်လားဆိုတာ ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစား သုံးသပ်ကြရာမှာ ဖြစ်ပါတယ်”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
လူမှုကွန်ရက်က သာသနာတော်ဝင်တွေရဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ညီညွတ်တဲ့ သံဃာ့အင်အားကို အမှန်တကယ် လိုအပ်နေတယ်လို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌက အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။


















































