Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အာဆီယံရဲ့ ရပ်တည်မှုတွေ ခိုင်မာအောင် ထိန်းသိမ်းပေးဖို့ NUCC တိုက်တွန်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ People’s Spring

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာတွေ ကြုံတိုင်း၊ ကြုံတိုင်းမှာ ထိုင်းက ရောပြီး ဒုက္ခခံရတဲ့ အခြေအနေတွေ ဒါတွေကို ကျွန်တော်တို့ နားလည်တယ်။ အခု နွေဦးတော်လှန်ရေးဆိုရင် အခု ၅ နှစ်ကျော်လာပြီ၊ ထိုင်း နိုင်ငံအနေနဲ့ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စတွေ ဒုက္ခသည်ဆိုင်ရာ ကိစ္စတွေ အပါအဝင် သူ့နယ်စပ်လုံခြုံရေး၊ ကျားဖြန့် ကိစ္စတွေရော၊ လူကုန်ကူးမှု ကိစ္စတွေရော၊ သူ့ရဲ့ စိုးရိမ်မှုတွေနဲ့ သူ မဖြစ်မနေ ပါဝင်ပတ်သက်နေရတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ တကယ်ကို အပြည့်အဝနားလည်ပါတယ်။ ဒါပေမဲ့ တဖက်မှာ ထိုင်းအစိုးရအနေနဲ့ အာဆီယံ တစုံလုံးရဲ့ ရပ်တည်ချက်အတိုင်း အတူသွားဖို့ကိုလည်းပဲ အရေးကြီးတယ်လို့ ကျွန်တော်တို့က ပြောချင်တာ ဖြစ်တယ်။ ထိုင်းအစိုးရအနေနဲ့ သီးခြားဖောက်ထွက်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ မဆက်ဆံဖို့ အရေးကြီးတယ်။ နောက်ပြီး အကြမ်းဖက်စစ်အုပ်စုကို political legitimacy (နိုင်ငံရေးအရ တရားဝင်မှု)ပေးတဲ့လုပ်ရပ်မျိုး ၊ တရားဝင်မှု ပေးတဲ့ ကြိုးပမ်းမှုမျိုး မလုပ်မိစေဖို့ဆိုတာလည်း အလွန်အရေးကြီးတာပေါ့။ နောက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖြစ်စေ၊ အကြမ်းဖက်စစ်အုပ်စုကနေ လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် စစ်တပိုင်းအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုဖြစ်စေ အာဆီယံမှာရော၊ နိုင်ငံတကာမှာရော နိုင်ငံရေးအရ ကိုယ်စားပြုမှု မပေးဖို့ရာ ကျွန်တော်တို့ တောက်လျှောက်တိုက်တွန်းနေတာဖြစ်ပါတယ်”လို့ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ ဖူးခက်မှာ တွေ့ဆုံခဲ့တဲ့နောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ခ် ဖုန်ခက်ကိုက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထိုင်းအစိုးရဟာ အာဆီယံနဲ့ မြန်မာကြား ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ ကြားဝင် ကူညီပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ NUCCက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ထိုင်းအစိုးရနဲ့ စစ်တပ်ကြားက လတ်တလော တရားဝင် မဟုတ်တဲ့ ထိတွေ့ ညှိနှိုင်း ဆွေးနွေးခဲ့တာကို သတိပြုမိခဲ့ကြောင်း၊ ထိုင်းဟာ မြန်မာ့ အကျပ်အတည်း၊ နယ်စပ်ကိစ္စ၊ လူသားချင်းစာနာရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ လုံခြုံရေး စိုးရိမ်မှုတွေအတွက် သက်ရောက်မှုတွေကို တိုက်ရိုက် ကြုံတွေ့နေတယ် ဆိုတာကို အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။

ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုလို လုပ်ငန်းစဉ်တွေကို အားပေးလာတဲ့အပေါ် NUCCက ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

တခြားတဖက်မှာလည်း အာဆီယံအပေါ် ယုံကြည်စိတ်ချရမှု ဂုဏ်သိက္ခာဟာ ခိုင်မာတည်တံ့တဲ့ ရပ်တည်မှုတွေအပေါ်မှာ မူတည်တယ် ဆိုတာကိုလည်း NUCCက ထောက်ပြထားပါတယ်။ စစ်တပ်က ကြီးမှူးပြီး ကျင်းပခဲ့တဲ့ မြန်မာ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ အလုံးစုံ ပါဝင်မှုတွေ ကင်းမဲ့ပြီး ရလဒ်တွေကို လုံးဝ လက်မခံဘူးဆိုတာ အာဆီယံက ရှင်းလင်းတဲ့ ရပ်တည်မှုမျိုး ပြသထားကြောင်း၊ အဲဒီရပ်တည်မှုဟာ ရွေးကောက်ပွဲရဲ့ အကျိုးဆက်တွေဖြစ်တဲ့ လွှတ်တော် ဖွဲ့စည်းမှု၊ စစ်တပ် မဟာမိတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု အမတ်တွေ ခန့်အပ်မှု အပေါ်မှာပါ သက်ရောက် အကျုံးဝင်ဖို့လိုကြောင်း NUCCက ဆိုပါတယ်။

မြန်မာနဲ့ ထိတွေ့ဆက်ဆံမှု အားလုံးဟာလည်း လူသားရေးရာ အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့နဲ့ လုံခြုံရေးကိစ္စတွေ အတွက်သာ ဦးတည်သင့်ကြောင်း NUCCက အလေးပေး ထောက်ပြခဲ့ပြီး နိုင်ငံရေး တရားဝင်မှုကို ဆုံးဖြတ်တဲ့ အပိုင်းမှာတော့ အစုအဖွဲ့ ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဆက်ပြီး ချိတ်ဆက်ထားဖို့ လိုကြောင်း အကြံပြုထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ မူဝါဒတွေ ဆက်လက်ပြီး ဟန်ချက်ညီနေဖို့၊ အပြုသဘောဆောင်ဖို့နဲ့ တရားဝင်မှုဆိုင်ရာ ဆန်းစစ်မှုတွေအတွက် NUCCဟာ အာဆီယံ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ရှေ့ဆက် လက်တွဲ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားမှုကိုလည်း NUCCက ထပ်လောင်း အတည်ပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

သတင်း

မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။