ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆။ People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာကို အာဏာသိမ်းစစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၂၀ရက် မနေ့ညပိုင်းက ဖြတ်ဝဲပျံတာရှိပေမယ့် ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ရက်ည ၁၀နာရီ ၄၅မိနစ်လောက်မှာ လိုင်ဇာဒေသကို စစ်ကောင်စီ လေယာဉ်လာရောက်မှု အခြေအနေ မေးမြန်းချက်အပေါ် အခုလိုပြောကြားတာဖြစ်ပါတယ်။
လိုင်ဇာဘက်ကို ဂျက်ဖိုက်တာတစ်စီး ဖြတ်ဝဲသွားပေမယ့် ဗုံးကြဲတာတွေ၊ သေနတ်နဲ့ ပစ်တာတွေကတော့ မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဗန်းမော်ဘက်ကနေ လေယာဥ်တက်လာတဲ့ သတင်းအရင်ကြားရပြီး အဲဒီနောက် လိုင်ဇာ ရောက်လာတာဖြစ်ကြောင်းနဲ့ မန္တလေး တံတားဦးလေတပ်ဘက်က တက်လာတဲ့ လေယာဥ်ဖြစ်ဖို့များတယ်လို့ ခန့်မှန်းပါတယ်။

Public Service Announcement
အဲဒီလေယာဉ်မလာရောက်မီ နာရီပိုင်းအလိုက မြစ်ကြီးနား လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး MNA ခရီးသည်လေယာဉ် တစ်စီး အမြီးပိုင်းထိမှန်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
အဲဒီ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဘယ်သူက ပစ်တယ်၊ ဘယ်ကနေ ပစ်တယ်၊ ဘာလက်နက်နဲ့ ပစ်တယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက်ကလည်း မြစ်ကြီးနားလေဆိပ်ဝင်းထဲမှာ ဒရုန်းတစင်း ပျက်ကျခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တုန်းက စစ်ကောင်စီက KIAကို စွပ်စွဲခဲ့ပေမယ့် ဗိုလ်မှူးကြီးနော်ဘူက မဟုတ်ဘူးလို့ ကချင်သတင်းဌာန KNG မှာ ဖြေကြားထားပါတယ်။
စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ပါတယ်။
KIA ဟာ အမြဲတမ်း တဖက်ရန်သူကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကြောင်းနဲ့ အများပြည်သူသုံးတဲ့ လေယာဉ်ကွင်းက စစ်နေရာမဟုတ်သလို ရန်သူလည်းမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြထားပါတယ်။


















































