ဖေဖော်ဝါရီ-၂၅၊၂၀၂၆။မိုမို/Peoples Spring
သံလွင်မြစ်အလယ်ပိုင်းနဲ့အောက်ပိုင်းတွေမှာ အာဆင်းနစ်လို့ခေါ်တဲ့ ဓာတုအဆိပ်တွေ့ရှိမှုအလွန်မြင့်မားနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ဒီကနေ့ (ဖေဖော်ဝါရီ ၂၅ရက်)မှာ ထုတ်ပြန်ပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ချင်းမိုင်တက္ကသိုလ်(သဘာဝပတ်ဝန်းကျင်သုသေသန) ဌာနတို့ တပတ်ကြာပူးပေါင်းပြီး မြစ်ရေနမူနာယူဓာတ်ခွဲစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
“အာဆင်နစ်ရဲ့သဘောသဘာဝအရကြည့်လိုက်ရင် ပုံစံနှစ်ခုရှိတယ်။တစ်ခုက လူကနေ ထုတ်လုပ်ပြီးတော့မှ သတ္တုလုပ်ငန်းတွေမှာ အထူးသဖြင့် မြေရှားလုပ်ငန်းတွေမှာနောက်ပြီးတော့မှ ရွှေ အဲဒီအသုံးပြုတဲ့လူလုပ် အာဆင်နစ်တွေကြောင့်ဒီချောင်းထဲ မြောင်းထဲကိုစီးဆင်းတာ အများဆုံးတွေ့ရှိရတယ်။ဒုတိယတခုက သဘာဝအလျောက်ပေါ့။ကျောက် တွေ သတ္တုတွေမှာ အာဆင်နစ်ရှိပြီးသားပေါ့။အဲဒီကျောက်တွေ၊သတ္တုတွေကို ထုတ်တော့ ဓာတ်တွေက ရေနဲ့ချောင်းတွေထဲရောက်ရှိသွားတယ်။အခုလို မျိိုး၊မြစ်ထဲချောင်းထဲမှာ အာဆင်းနစ်ဓာတ်တွေ ပုံမှန်ထက် ပါဝင်နေတာကိုတွေ့ရတာဖြစ်တယ်”လို့ IEC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

Public Service Announcement
မြစ်ရေနမူနာကို ကရင်နီပြည်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်အထက်ပိုင်း (ရှမ်း-ကရင်နီနယ်စပ်)၊ သံလွင်မြစ်အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကရင်နီ-ကရင်/ကော်သူးလေ နယ်စပ်)တွေတလျှောက် (၁၀)နေရာနဲ့ မော်ချီးကနေ စီးဆင်းတဲ့ မိုလိုချောင်းအတွင်း တနေရာကို စစ်ဆေးခဲ့တယ်လို့ အသိပေးပါတယ်။
ဓါတ်ခွဲစစ်ဆေးချက်များအရအာဆင်းနစ် (Arsenic)အဆိပ်ပါဝင်မှုက နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ရေတွင်ပါဝင်မှု ပမာဏ (၀.၀၁) mg/L အထက် (၀.၀၄၂) mg/L နဲ့ (၀.၀၉၆) mg/L အတွင်းတွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။
မိုလိုချောင်းရေ ဓါတ်ခွဲစစ်ဆေးချက်အရ အာဆင်းနိအဆိပ်ပါဝင်မှုက နိုင်ငံတကာစံနှုန်းအထက် (၀.၅၅၃) mg/L အတွင်းရှိနေတယ်လို့ ဆိုပါတယ်။
သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေအတွင်း ပါဝင်နေတဲ့ အာဆင်းနိအဆိပ်ရေပမာဏက ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆိပ်ရေပမာဏထက် လေး ဆမှ ၅၅ ဆကျော်အထိ ပါဝင်မှုမြင့်မားနေတယ်လို့လည်း IECက ပြောပါတယ်။
ဒါကြောင့် သံလွင်မြစ်ရေနဲ့ မိုလိုချောင်းက ရေတွေကို တိုက်ရိုက်သောက်သုံးတာနဲ့ ချက်ပြုတ် ရာမှာမသုံးစွဲဖို့၊သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေကို ထိတွေ့ကိုင်တွယ်ပြီးရင် သန့်စင်တဲ့ရေနဲ့ ပြန်လည်ဆေးကြောဖို့ သတိပေးပါတယ်။
သံလွင်မြစ်အတွင်းက ရေနေသတ္တဝါတွေ (ငါးအမျိုးမျိုး၊ ခရု၊ ပုဇွန်၊ ပုဇွန်လုံး၊ လိပ် စသဖြင့်) တို့ကို ချက်ပြုတ် စားသောက်တာ မလုပ်ဖို့နဲ့ မဖြစ်မနေ စားသောက်ရပါက ဦးခေါင်း၊ အတွင်းကလီစာတွေကို မစားဖို့ နဲ့ မိုလိုချောင်းအတွင်းက ရေနေသတ္တဝါတွေကို လုံးဝ (လုံးဝ) စားသောက် တာမလုပ်ဖို့ တိုက်တွန်းထားပါတယ်။
မြစ်ချောင်းတွင်း ဓာတုအဆိပ်တွေ့ရှိမှုအတွက် ပြည်နယ်အတွင်းက သက်ဆိုင်ရာ ကျန်းမာရေး အင်အားစုတွေ၊ဌာနဆိုင်ရာတွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ပညာရပ်ပိုင်း ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အတွင်းက ရေနမူနာ၊ စိုက်ပျိုးသီးနှံနမူနာ၊ ရေနေ သတ္တဝါနမူနာ ၊ မြေနဲ့ မြေဆီလွှာတွေကို ဓါတ်ခွဲစမ်းသပ်တာနဲ့ ထိန်းချုပ်မယ့် လုပ်ငန်းစဉ် တွေကို ချမှတ်မယ်လို့လည်း IECက အသိပေးပါတယ်။
မိုင် ၁၇၀၀ ကျော်ရှည်တဲ့ သံလွင်မြစ်ဟာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲက ရှမ်း၊ကရင်နီ၊ကရင်နဲ့ မွန်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းပါတယ်။
သံလွင်မြစ်အထက်ပိုင်းမှာရှိတဲ့ ရှမ်းပြည်နယ်မှာ လည်း မြေရှားနဲ့ ရွှေ တူးဖော်မှုတွေကြောင့် ဒေသတွင်းမှာရှိတဲ့မြစ်ချောင်းတွေမှာ ဓာတုအဆိပ်ပါဝင်မှုတွေရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေက ပြီးခဲ့နှစ်တွေမှာထုတ်ပြန်ထားပါတယ်။
အာဆင်းနစ်အဆိပ်ကို ထိတွေ့အသုံးပြုမိရင် ရေတိုလက္ခါဏာတွေအရ မူးဝေအော့အန်တာတွေ ဖြစ်ပြီး ရေရှည်မှာ အဆုတ်၊အသည်း နဲ့အရေပြားကင်ဆာ ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ဆေးဘက်ဆိုင်ရာ စာတမ်းတွေက အသိပေးထားပါတယ်။


















































