မတ်-၂၊၂၀၂၆။နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထောင်ချထားသူတွေထဲက အကျဥ်းသားတွေကို ဒီကနေ့ ပြန်လွှတ်ပေးတာမှာ ညနေပိုင်းအထိစာရင်းတွေအရ နိုင်ငံရေးအကျဥ်းသား ၁၉၀၀ ခန့်ပါဝင်ပြီး ၊ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရအဖွဲ့ဝင်တချို့ ပါဝင်လာပါတယ်။
စစ်တပ်အာဏာသိမ်းပြီး မတရားဖမ်းဆီးခံခဲ့ရတဲ့ ဒီချုပ်အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဟောင်း ဦးဟံထွန်း နဲ့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ ပြန်လွတ်လာတယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးပြီးထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့လည်း ပြန်လည်လွတ်မြောက်လာပါတယ်။ထောင်ဒဏ် (၁၅) နှစ် မတရားချမှတ်ခံထားရသူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌဖြစ်သူ မဆုရည်လင်း (ခ) လင်းလင်းလည်း ဒီကနေ့ လွတ်ငြိမ်းမှာ ပါဝင်လာပါတယ်။

Public Service Announcement
ပုဒ်မ ၅၀ (ည)နဲ့ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံခဲ့ရတဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) မှ ဒုဥက္ကဌ ကိုထက်ပိုင်စိုး နဲ့ မနွေးရတီတိုးတို့လည်းပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ ညနေပိုင်းအထိ စုံစမ်းအတည်ပြုထားတဲ့ စာရင်းအရ နိုင်ငံတစ်ဝန်း အကျဉ်းထောင်၂၅ခုကပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၈၉၅ဦး ရှိတယ်လို့ မတ်လ ၂ ရက် ညနေ ၆ နာရီခန့်မှာထုတ်ပြန်ပါတယ် ။
အာဏာသိမ်းစစ်တပ်က တောင်သူလယ်သမားနေ့မှာ လူသားချင်းစာနာလို့ဆိုကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) တို့နဲ့ ထောင်ချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ စုစုပေါင်း ၇,၃၃၇ ဦးကိုလွတ်ငြိမ်းပေးမယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီပုဒ်မတွေဟာ စစ်ကောင်စီကို ပုန်ကန်ဆန့်ကျင်သူတွေ ၊ လက်နက်စွဲကိုင်တော်လှန်သူတွေ ကိုဖမ်းမိရင် ထောင်ချရာမှာ အသုံးပြုတဲ့ပုဒ်မတွေဖြစ်ပါတယ်။
NUG ၊ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို အားပေးထောက်ခံတယ်ဆိုပြီး ဖမ်းခံရသူတွေကိုလည်း ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) နဲ့ တရားစွဲပြီး ထောင်ချတာတွေလည်းရှိခဲ့ပါတယ်။
ဒါအပြင် တော်လှန်ရေးအဖွဲ့တွေကို ငွေလှုတာ ၊ ဖေ့ဘွတ်ခ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပို့စ်တွေကို ရေးသားတာ ၊ မျှဝေတာအပြင် Like လုပ်တာ ၊ မှတ်ချက်ဝင်ရေးတဲ့သူတွေကိုပါ အဲဒီပုဒ်မတွေသုံးပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတာပါ။
ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း ထိ ချနိုင်သလို ၊ ပုဒ်မ ၅၂(က) ကလည်း အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ထိ ချနိုင်တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ ပုဒ်မ ၅၀ (ည) ၊ပုဒ်မ ၅၂(က) တို့နဲ့ အမှု ဖွင့်ခံရသူတွေအတွက် ကြားနာဆဲ အမှု ၉, ၅၃၂ မှုကို ပိတ်သိမ်းပေးလိုက်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။
“ စစ်ကောင်စီဟာ တောင်သူလယ်သမားနေ့ကို အကြောင်းပြပြီး လွှတ်သော်လည်းပဲ မကြာခင်မှာ စစ်တပ်ဘက်ကနေဦးဆောင်ပြီးမှဖွဲ့စည်းမယ့် အစိုးရတစ်ရပ်မတိုင်ခင်မှာ ပြည်သူလူထုရဲ့ အမြင်သဘောထား၊ နိုင်ငံတကာရဲ့ အမြင်သဘောထား (အပြုသဘောဆောင်တဲ့ သဘောထား)ရရှိဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ ထင်တယ်။ ဒီဧပြီလတွေဆိုရင်လည်း အစိုးရသစ်တစ်ရပ် တက်လာတာကို အကြောင်းပြပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထပ်ပေးတာမျိုးတွေလည်း သူတို့ ဆက်လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်ခင်ဗျာ။ သို့သော်ငြားလည်းပဲ အကျဥ်းထောင်တွေထဲမှာ ပုဒ်မများစွာနဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ များစွာကျန်ရှိနေတယ်။ လွတ်လာရသူတွေအတွက် ဝမ်းသာရသလို ကျန်ရှိနေတဲ့သူတွေအတွက် ကျွန်တော်တို့ဆက်ပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) စုဆောင်းထားတဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမတရားဖမ်းဆီးထောင်ချခံရတဲ့ပြည်သူသုံးသောင်းကျော်ရှိပြီး ၊ဖမ်းဆီးထိန်းသိမ်းခံထားရဆဲနိုင်ငံရေးအကျဥ်းသား ၂၂၀၀၀ ကျော်ရှိပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေထဲက ၁၇၄ ယောက်ကို စစ်တပ်ကသေဒဏ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၆၃၀၀ ကျော် ၊ကလေးငယ် ၆၃၀ ကျော်ပါဝင်ပါတယ်။
(ဒေါက်တာမျိုးအောင်၊ဦးမင်းသူ ၊ဒေါ်မိုးမိုးစုကြည်၊ဦးဟံထွန်း၊ ဦးတာ တို့ပြန်လည်လွတ်မြောက်လာစဥ်။ ။ဓါတ်ပုံ-စစ်ကောင်စီ )





















































