မတ်-၇၊ ၂၀၂၆။ ဟန်နွေ/People’s Spring
တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် လုံး၀ပျက်စီးသွားတာမျိုးမရှိဘဲ ဆက်လက်ထွက်ခွာသွားကြောင်း KIAနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။
ဗန်းမော်မြို့တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာခေါ်တဲ့ MI17 ရဟတ်ယာဉ်ကို မတ်လ ၆ရက် နေ့လည်ပိုင်းမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ထိပြီးမှသိပ်အရေးမကြီးတဲ့ နေရာမှာ ထိတယ်ထင်တယ်။ ရွှေဂူမှာ နားပြီးမှ ပြန်ဆက်သွားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

Public Service Announcement
ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း “ အပေါက်ဖာပြီး မနေ့က ညနေ ပိုင်း ပျံတက်သွားပြီ”လို့ ပြောပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ရဲ့ မတ်လ၆ရက် ပြောပြချက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ဟာ ဒဏ်ရာရ ဒဏ်ရင်းမှူးကို လာကယ်ထုတ်ပြီး ပြန်အတက်မှာ KIA ပစ်ခတ်မှုကြောင့် ဆီတိုင်ကီထိမှန် ခဲ့တာလို့ ဆိုပါတယ်။
ထိမှန်သွားတဲ့ ရဟတ်ယာဉ်ဟာ ရွှေကူမြို့အခြေစိုက် ခလရ(၅၆)တပ်ရင်းကို ဆင်းဖို ကြိုးပမ်းပေမယ့် မရောက်ခင် မြိုအပြင်မှာ အရေးပေါ် ဆင်းလိုက်ရတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် စစ်ကောင်စီဟာ Y12 လေယာဉ် အသုံးပြုပြီး ကောင်းကင်ကနေ လုံခြုံရေး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၅ မေလ ဗန်းမော်တိုက်ပွဲမှာလည်း စစ်ကူလာပိုတဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၃စီးကို တိုက်ခိုက်ခဲ့ရာ ၂စီးထိမှန်ခဲ့ဖူးပါတယ်။ အဲဒီ ၂စီးအနက် ၁စီးဟာ ပျက်ကျသွားပြီး အခြားတစီးဟာ ရွှေကူ ခလရ(၅၆)တပ်ရင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။ အဲဒီလို အရေးပေါ် ဆင်းသက်တဲ့ ရဟတ်ယာဉ်ကိုလည်း KIAက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ရဟတ်ယာဉ် ထိခိုက်ပျက်စီးခဲ့ပါတယ်။


















































