မတ်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

“ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဏာရှင်စနစ် တော်လှန်ရေးမှာ အသက်ပေးခဲ့ကြတဲ့ အမျိုးသမီး ရဲဘော်တွေကို လေးစားဂုဏ်ပြုအပ်ပါတယ်။ အခက်အခဲတွေ ကြားက တော်လှန်ရေးလမ်းစဉ်မှာ ဆက်ပြီး ရပ်တည်နေကြတဲ့ အမျိုးသမီးများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဂုဏ်ပြု ဖော်ပြချင်ပါတယ်” လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဒီကနေ့ မတ်လ ၈ရက်မှာ ကျင်းပါတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောကြားခဲ့တာပါ။

Public Service Announcement

မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက် ရေး ပြည်သူတရပ်လုံး ရုန်းကန်နေရချိန်ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။
” ဒီတော်လှန်ရေးလမ်းစဉ်အတွင်း မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ လူထုဆန္ဒပြ လှုပ်ရှားမှုတွေမှာ ရဲ့ဝံ့စွာဦးဆောင်နေကြတဲ့သူတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေကြတဲ့သူတွေ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေကြတဲ့သူတွေ၊ သတင်းအချက်အလက် တွေ ဖြန့်ဝေနေကြတဲ့သူတွေ တချို့နေရာတွေမှာ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေပါ ထမ်းဆောင်နေကြတဲ့သူတွေ အဖြစ်နဲ့ အမျိုးသမီးအင်အားနဲ့ စွမ်းရည်ဟာ အခု ကျနော်တို့ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းမှာ အင်အားစုတခုအနေနဲ့ တည်ရှိနေတယ်” လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အခုအချိန်ထိ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ စစ်အာဏာရှင်စနစ်ကြောင့် အမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေ ကို ရင်ဆိုင်နေရဆဲဖြစ်ဟု ပြောပါတယ်။ လိင်အခြေပြု အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ အလွန်ပဲ စိုးရိမ်စရာ အခြေအနေရှိနေဟု အသိပေးပါတယ်။
အာဏာရှင်တွေ အထူးသဖြင့် စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေ အသံမထွက်နိုင်အောင် အသံတိတ်စေဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်မှုတွေ မြှင့်တင်ဖို့ ဆောင်ရွက်နေသလို လိင်အခြေပြု အကြမ်းဖက် မှုတွေ ကာကွယ်တားဆီးနိုင်ဖို့ ဆောင်ရွက်နေတာရှိကြောင်း အသိပေးပါတယ်။
အမျိုးသမီးတွေရဲ့ ပညာရေး၊ စီးပွားရေး လုပ်ဆောင်မှု အခွင့်အလမ်းတွေ တိုးချဲ့ပေးနိုင်ဖို့ လိုအပ်ကြောင်းဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။လူမှုဘ၀ နယ်ပယ်အသီးသီးမှာ တန်းတူညီမျှ ရရှိစေဖို့ ဆက်လက်ကြိုးပမ်းမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်လို့ အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ပံ့ကူညီပံ့ပိုးကြဖို့ အလွန်အရေးကြီး ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါတယ်။
ဒီကနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ NUG လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညိနှိုင်းရေးကော်မတီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ လုံခြုံရေးကို သေချာစေဖို့ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းမြှင့်တင်ဖို့ အတွက် အရေးပေါ် လုပ်ဆောင်ချက်တွေမှာ လက်တွေ့ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။



















































