မတ်-၁၀၊၂၀၂၆။မိုမို/Peoples Spring
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
မတ်လ ၉ ရက်ည ၁၀ နာရီခန့်ကရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက်ခွဲ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ကားချင်း ငြိတာကစတာလို့ကြားတယ်။မောင်းတဲ့ ကောင်က သူမူးနေလို့ဆိုပြီး ရဲတွေ ပြောတာကနေ ကားနဲ့တိုက်တာ။ ရဲတွေ သေတယ်ဆိုတာကတော့ဟုတ်တယ်”လို့ မြောက်ဥက္ကလာမြို့နယ် မှာနေတဲ့ ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

ကနဦး အမှုဖွင့်ထားချက်တွေအရ ကားတစ်စီးလမ်းပေါ်မှာ ကန့်လန့်ဖြတ်ရပ်ထားပြီး အရက်မူးနေတဲ့ယာဥ်မောင်းမြတ်ကိုကိုက လှည့်ကင်းရဲတွေကို ရှင်းပေးဖို့ပြောရာကနေ မြတ်ကိုကိုရဲ့ ဖခင် ဦးကြင်ခရမ်း နဲ့ ညီဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ဒုတိယစုံစမ်းရေးမှူးအေးမင်းတို့ကနောက်ထပ်ကားတစ်စီးနဲ့ ရောက်လာပြီး သံတုတ်တွေ နဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ရဲတွေက ဒဏ်ရာရသူတွေကို အမှုဖွင့်ဆေးစာယူဖို့ ပြန်ထွက်ချိန် မြတ်ကိုကိုက ကားကိုပြန်ကွေ့ပြီး လှည့်ကင်းက ရဲလေးဦးကိုကားနဲ့ဝင်တိုက်ပြီး သူရဲ့ဖခင်နဲ့ ညီဖြစ်သူစသုံးလုံးဒုစုံစမ်းရေးမှူးက လဲကျတဲ့ရဲတွေကို သံတုတ်နဲ့ ထပ်မံ ရိုက်နှိက်ခဲ့တာလို့ သိရပါတယ်။
အဲဒါကြောင့် ရဲနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ရဲတွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ မြောက်ဥက္ကလာပ ရဲစခန်းကို သုံးကြိမ်ထက်မနည်း People’s Spring ကဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။
မြတ်ကိုကို၊ စသုံးလုံး ဒုစုံစမ်းရေးမှူးနဲ့ ဖခင်ဖြစ်သူတို့ကို လူသတ်မှုနဲ့ဖမ်းဆီးထားတယ်လို့လည်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။အခင်းဖြစ်စဥ် အသေးစိတ်ကိုတော့ လူထုနွေဦးက ထပ်မံစုံစမ်းနေဆဲ ဖြစ်ပါတယ်။


















































