ဇွန်-၁၊၂၀၂၆။ရောင်နီ၊တာရာ/People’s Spring
အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောင်းဆင်းခါနီး ၂နာရီခွဲလောက်မှာ ဖြစ်တာ။ ကုက္ကိုလ်ပင်ကို မိုးကြိုးကပစ်တာ ။ ဒါပေမယ့် ကျောင်းဆင်းခါနီးဆိုတော့ KG နှစ်ယောက်ရယ် ဆရာမရယ်က ကုက္ကိုလ်ပင်အောက်မှာနေနေတာ။ သစ်ပင်ကို မိုးကြိုးပစ်တော့ အောက်မှာရပ်နေတဲ့ ကျောင်းသား နှစ်ယောက်နဲ့ ဆရာမကိုတော့ထိသွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်မှာရှိတဲ့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ ဆရာမ နဲ့ကျောင်းသားတွေကို အနှိုင်းမဲ့မေတ္တာ လူမှူကူညီရေးအသင်းကားနဲ့ မြောက်ဥက္ကလာပဆေးဆေးရုံကိုပို့ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဒဏ်ရာရတဲ့ကလေးတွေနဲ့ ဆရာမရဲ့အခြေအနေကတော့ စိုးရိမ်စရာအခြေမနေမဟုတ်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလလယ်ကစပြီး အနောက်တောင်မုတ်သုံလေမြန်မာနိုင်ငံကိုဝင်ရောက်နေပြီး ဒေသအများအပြားမှာ နေရာကွက် မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိ ပေးထားပါတယ်။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာလည်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့မှာ မိုးကြိုးပစ်လို့ နွားအကောင်၅၀ခန့် သေဆုံးခဲ့ပါတယ်။

















































