မတ်-၁၅၊၂၀၂၆။ သတိုး/People’s Spring
ပဲခူးတိုင်း တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ-၈၄၈ မှာရှိတဲ့ လက်နက်ခဲယမ်းဂိုဒေါင်တွေကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar(BWM) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စနခ-၈၄၈ မှာ ကပစကစစ်လက်နက် ခဲယမ်းတွေ၊ နိုင်ငံခြားက ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းထားပြီး တောင်ပိုင်းတိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့စစ်ရေးအတွက် ဖြန့်ဖြူးပေးနေတာကြောင့် တော်လှန်ရေးအတွက် အထောက်အကူဖြစ်အောင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ ၉ လုံးမှာ ၉ လုံးစလုံး ထွက်တယ် ခင်ဗျ။ အလုံးတိုင်း အောင်လို့ အတော်အားရတဲ့ မစ်ရှင် လို့ ပြောရမယ်” လို့ BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒီစစ်ဆင်ရေးကို မတ်လ ၁၅ ရက် နံနက် ၂ နာရီ ၄၄ မိနစ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး BWM အဖွဲ့နဲ့အတူ Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲ အဖွဲ့ ၊ KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
” ၉ လုံးထဲက Error တက်ချင်တဲ့ တစ်လုံးက direction ပြောင်းပြီး ကျွန်တော်တို့ ပစ်ခတ်ရာ ခပ်လှန်းလှန်းမှာ -ေွး တပ် စွဲထားတဲ့နေရာကို ဝင်ရောက်ပေါက်ကွဲတာမို့ အတော်အားရတယ်။ အလုံးတိုင်း အကျိုးရှိတဲ့ ရည်ရွယ် target ထိမယ်လို့ ယုံကြည်တယ်ခင်ဗျ။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့စစ်ဆင်ရေးက စစ်ကောင်စီကာကင်း တပ်စွဲထားတဲ့ကြားကနေ ပစ်ခတ်ရတာဖြစ်လို့ တော်တော်စွန့်စားခဲ့ရတယ်လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောပါတယ်။
တိုက်ခိုက်မှုပြုလုပ်ပြီးချိန်မှာ စစ်ကောင်စီဘက်ကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်သံတွေကြားရတယ်လို့ ဆိုပါတယ်။
ဒီနေ့ မစ်ရှင်လုပ်ဆောင်တဲ့ အဖွဲ့တွေက မတ်လ ၁၂ ရက်ကလည်း တောင်ငူလေဆိပ်က လေယာဉ်ဆီသိုလှောင်ရုံကို ဦးတည်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး တောင်ငူလေတပ်စခန်းကနေ တိုက်လေယာဉ်တစ်စီးမှ မတက်တာ နှစ်ရက်ရှိပြီလို့ စောင့်ကြည့်နေတဲ့ အဖွဲ့တွေဆီကနေ သတင်းရတယ်လို့ BWM အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။



















































