မတ်−၃၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
တရုတ်ဘာသာနဲ့ရေးသားထားတဲ့ UWSAရဲ့ ဂုဏ်ပြုစာကို ဗမာဘာသာနဲ့ ပြန်လည်ဖော်ပြခဲ့တာပါ။
ဗိုလ်ချုပ်ကြီး ရဲဝင်ဦးအား ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ခြင်းခံရတဲ့အပေါ် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA, မြန်မာနိုင်ငံ အထူးဒေသ (၂)၊ “ဝ” ပြည်သူ့အစိုးရအဖွဲ့မှ ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ ဖော်ပြထားတာပါ။

Public Service Announcement
ရာထူးကအနားယူသွားတဲ့ မင်းအောင်လှိုင်ကိုလည်း UWSA ကချီးကျူးထားတာတွေ့ရပါတယ်။
အရေးကြီးတဲ့ တာဝန်တွေကိုအောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်တွေကို ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ ကြောင်း၊ စစ်ကောင်စီခေါင်းဆောင်သစ် ရဲဝင်းဦးကို နွေးထွေးပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုကြောင်း ၀တပ်ဖွဲ့ရဲ့ စာမှာ ပါရှိတယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်သစ်ရဲ့ ဦးဆောင်မှုအောက်မှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံရဲ့ ရေရှည်တည်ငြိမ်မှု၊ ကြွယ်၀ ချမ်းသာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ၀တပ်ဖွဲ့က ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။
“ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” လို့ လည်း ထုတ်ပြန်ချက်နောက်ဆုံးမှာ ပါရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၁၅ နှစ်တိုင် ရယူထားတဲ့တပ်ချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နေရာကို မတ်လ ၃၀ရက်မှာ ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာပါ။ ပြည်သူလူထုကို လေကြောင်း ၊လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ ဆက်တိုက် အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒေသအသီးသီးမှာ ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
အခု စစ်ခေါင်းဆောင်သစ်ကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့တဲ့ ၀တပ် UWSAဟာ သူတို့ အနေနဲ့ ဘက်မလိုက်ရေးမူကိုကျင့်သုံးကြောင်း အသိပေးထုတ်ပြန်ထားပေမယ့် စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်တာ၊ စစ်ကောင်စီ လုပ်တဲ့ ပွဲတွေတက်ရောက်တာ ရှိခဲ့ပါတယ်။


















































