ဧပြီ-၂၈၊၂၀၂၆။ဇော်ဝင်း/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က စစ်ဆေးနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။
ဧပြီ ၂၄ ရက်က မိုးဗြဲအနောက်ခြမ်းမှာ မိုးဗြဲ Local PDFနဲ့ အမှတ်(၁)အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်) စစ်ဒေသ အဖွဲ့ဝင်တချို့ ပစ်ခတ်မှုဖြစ်ပြီး မိုးဗြဲ Local PDF အဖွဲ့ခေါင်းဆောင် ကိုအောင်မင်း အပါအဝင်အဖွဲ့ဝင် ၉ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
“ကျွန်တော်လည်း အားလုံးသိသလိုပဲ သိထားပါတယ်။သက်ဆိုင်ရာ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ကိုင်တွယ်နေတယ်လို့ပဲ သိထားတယ်။အဲဒါနဲ့ပတ်သက်တဲ့အချက်အလက်တွေကို သူတိို့ထုတ်ပြန်မှာပါ။သက်ဆိုင်ရာ တပ်ပိုင်းဆိုင်ရာက ကိုင်တွယ်တဲ့ပုံစံပါ။ဒါပေမယ့် တပ်ပေါင်းစုံစစ်ဦးစီး အဖွဲ့က IEC ကို အပြန်အလှန်အသိပေးတာရှိမှာပါ”လို့ ဦးဗညားက ပစ်ခတ်မှုနောက်ဆက်တွဲ အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

လူထုနွေဦးရဲ့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြော ဆိုချက်အရ ကိုယ်ပိုင်တပ်အဖြစ်ရပ်တည် နေတဲ့ မိုးဗြဲ Local PDF ဦးဆောင်သူကို ဖမ်းဆီးဖို့လုပ်ဆောင်စဥ် ပြန်လည်ခြိမ်းခြောက်တာကြောင့် အယ်လ်ဖာ စစ်ဒေသအဖွဲ့ဝင်အချို့က ပစ်ခတ်ခဲ့တာလို့ ကနဦးသိရပါတယ်။
ဒါ့အပြင် ကက်သလစ်သာသနာလူငယ်အဖွဲ့ရဲ့ ဓမ္မဆရာဟောင်း ကိုအောင်မင်းက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့ကို မြေယာအကျိုးစီးပွားကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အယ်လ်ဖာစစ်ဒေသအဖွဲ့က အပြစ်ရှိသူကို စစ်ဥပဒေအရ အရေးမယူဘဲ ချောင်းမြောင်း ပစ်ခတ်ခဲ့တာလို့ မိုးဗြဲ Local PDF နဲ့ နီးစပ်သူ နှစ်ဦးက ပြောပါတယ်။
“မိုးဗြဲ Local က အယ်လ်ဖာစစ်ဒေသထဲမပါလို့ သူတို့အတွက် အနှောက်အယှက်ဖြစ်နေလို့လား။ဖြစ်နေမယ်ဆိုလည်း ခေါ်ယူညှိနှိုင်း။ပြစ်မှုကျူးလွန်ထား တယ်ဆိုလည်း ခေါ်တွေ့။အပြစ်ပေး ။အခုက အကုန်လုံးပစ်။အကုန်လုံးသိမ်းလုပ်တာတော့ မကောင်းဘူး”လို့ မိုးဗြဲ Local PDF နဲ့ နီးစပ်သူက ပြောပါတယ်။
မိုးဗြဲ Local PDF အဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ အယ်လ်ဖာစစ်ဒေသကို ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်တာမရှိသေးပါဘူး။
အဲဒီ ဖြစ်စဥ်ဖြစ်ပွားပြီး ၄ရက်အကြာမှာ အမှတ်(၁)အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)ဦးဆောင်းသူနှစ်ဦးကို ဒုစရိုက်သမားအဖွဲ့အဖြစ် သတ်မှတ်တယ်လို့ ကယန်းပြည်သစ်ပါတီ KNLPက ထုတ်ပြန်ပါတယ်။
ကယန်းပြည်သစ်ပါတီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဒေသတွင်း လူထုနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ဆက်တိုက်ရှိနေပါတယ်။
မနေ့က(ဧပြီ ၂၇ ရက်)ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်အရ ကိုလှရွှေ နဲ့ ကိုဂျေခမ်းတို့လူတစ်စုက ကယန်းဒေသတည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီးဖြစ်စေဖို့ရည်ရွယ်တာကြောင့် ဒုစရိုက်သမားလို့ ဆိုပါတယ်။
ကိုလှရွှေဟာ ရှမ်းပြည်တောင်ပိုင်း နဲ့ ကရင်နီပြည်နယ် အစပ်ဒေသက တော် လှန်ရေးအဖွဲ့တွေကို စုစည်းပြီး အခုဧပြီ ၂၀ ရက်က ဖွဲ့စည်းလိုက်တဲ့ အမှတ်(၁)အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်) စစ်ဒေသမှူးဖြစ်ပါတယ်။ကိုဂျေခမ်းက ဒုစစ်ဒေသမှူး ဖြစ်ပါတယ်။
မိုးဗြဲ Local PDF အဖွဲ့ခေါင်းဆောင် ကိုအောင်မင်း အပါအဝင် အဖွဲ့ဝင် ၉ဦး ပစ်ခတ်ခံရတာနဲ့ KNLP ရဲ့ ထုတ်ပြန်ချက်က ဆက်စပ်တယ်လို့ ကယန်း ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
“အဖွဲ့အစည်းအကျိုးအတွက်ထက်ကိုယ်ရေး ကိုယ်တာ မကျေနပ်ချက်တွေကို ထုတ်ပြောနေသလိုပဲ မြင်ရပါတယ်။အခြေအနေကို ဖြေရှင်းဖို့ထက် ဒေသအတွင်း ပဋိပက္ခတွေကို ပိုတိုးစေတဲ့အရာသာ ဖြစ်နေပါတယ်တကယ်လိုအပ်တာက ဒီလိုထုတ်ပြန်ချက်တွေမဟုတ်ဘဲ ပြဿနာကို လျော့ချနိုင်မယ့် တာ ဝန်ရှိတဲ့ ချဉ်းကပ်မှုတွေပါ”လို့ ကယန်းလူငယ်တစ်ဦးက ပြောပါတယ်။
ကယန်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ” သူတို့(KNLP)ထုတ်ပြန်တာ စောတယ်လို့ မြင်မိပါတယ်။ Alpha စစ်ဒေသ အပါဝင် အုပ်ချုပ်ရေးမှုးများ ရဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံပြီး သူတို့ထုတ်ပြန်ရင် ပိုသင့်တော်တယ်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။
KNLP ရဲ့ထုတ်ပြန်ချက်ဟာ တော်လှန်ရေးတပ် နှစ်ခုကြား ဖြစ်စဥ်ကို အခွင့်ရေးယူအကွက်ဆင်တာဖြစ်ပြီး နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွားရှိတယ်လို့ အမှတ်(၁)အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူ့ရဲ့လူမှုကွန်ယက်ကတဆင့် တုံ့ပြန်ထားပါတယ်။
ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌက ဦးသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC) ကိုဗိုလ်မှူးချုပ် အိုက်နော်ထားကတာဝန်ယူကာ ကယန်းပြည်သစ်တပ်မတော် (KNLA)ရဲ့ စစ်ဦးစီးချုပ်က ဗိုလ်မှူးချုပ်မြားနို ဖြစ်ပါတယ်။
ကယန်းပြည်သစ်ပါတီက ဆီဘူးမှာ အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုတွေနဲ့ အတိအလင်း ပူးပေါင်းခြင်းမရှိသလို အာဏာသိမ်း စစ်တပ်နဲ့လည်း အပစ်ခတ်ရပ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကယန်းပြည်သစ်တပ်မတော် ဒုတပ်မဟာမှူးဖိုးခွားက ခေါ်ဆောင်သွားပြီးရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။
ဒါ့အပြင် ကယန်းပြည်သစ်ပါတီဥက္ကဌဦးသန်းစိုးနိုင်ရဲ့ကုမ္ပဏီက သိကျိတ်ကျေးရွာ မြင်းမထိဒေသမှာ အကြီးစားသတ္တုတူးဖော်မှုကြောင့် ဒေသခံလူထုရဲ့ ဆန္ဒပြကန့်ကွက်မှုရှိခဲ့သလို ဦးဆောင်သူခေါင်းဆောင်တချို့ကို ဖမ်းဆီးခဲ့တာရှိပါတယ်။

















































