ဧပြီ ၂၉၊ ၂၀၂၆ မေရီ/People’s Spring
မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး ဒီကနေ့ညနေပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ ဧပြီ၂၉ ရက် ညနေ ၃ နာရီ ၂၀မိနစ်ခန့်က မန္တလေးမြို့ရဲ့ တောင်ဘက် ၄၂ ကီလိုမီတာခန့်အကွာ၊ တံတားဦးမြို့အနီး မြေအောက်အနက် ၁၀ကီလိုမီတာခန့်ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါငလျင်ဟာ မန္တလေးမြို့ပေါ်ရှိ မြို့နယ်အချို့မှာ တုန်ခါမှုကို သိသိသာသာ ခံစားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“တော်တော်သိသာတယ်။ အသံလာပြီး အောက်ကိုတချက်ဆောင့်ချပြီးမှခါသွားတာ”လို့ မန္တလေးမြို့ပေါ်နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ငလျင်ကြောင့် လူနေအိမ်နဲ့ အဆောက်အအုံတွေ သိသိသာသာ တုန်ခါခဲ့လို့ ဒေသခံပြည်သူအချို့ လမ်းပေါ်ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
ယခုအချိန်ထိ ငလျင်ကြောင့် အဆောက်အအုံ ပျက်စီးမှုရှိမရှိ မသိရသေးပါဘူး။


















































