စစ်တပ်က တရုတ်ရဲ့ Agendaအတိုင်း နိုင်ငံရေး၊ စစ်ရေး တစ်ဆင့်ခြင်းအကောင်အထည်ဖော်ဆောင်ရွက်နေဟုဆို
ဧပြီ-၃၀၊၂၀၂၆။ဇော်ဝင်း/People’s Spring
တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။
စစ်တပ်က တရုတ်နိုင်ငံရဲ့ Agenda (ရည်ရွယ်ချက်)အတိုင်း နိုင်ငံရေး၊ စစ်ရေးကို တစ်ဆင့်ခြင်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း ခွန်းဗဟန်းထန်က သူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့(ဧပြီ ၃၀ ရက်) အသိပေးပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ နေ့စဉ်နဲ့အမျှ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေတာလို့လည်း ဥက္ကဌခွန်းဗဟန်းထန်က ဆိုပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်ကို မလိုလားတဲ့ဘက်တစ်ဖက်မှာရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေက ရှမ်းမြောက်၊ ချင်း၊ ကချင်၊ ကရင်၊တင်္နသာရီ၊ ပြည်မနဲ့ ရှမ်းတောင်/ကရင်နီပြည်မှာ အချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို တွေ့ရတယ်လို့ KNA ဥက္ကဌက သတိပေးပါတယ်။
ပွတ်တိုက်မှုရှိလာခဲ့ရင် ပိုမဆိုးသွားအောင်နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းတတ်တဲ့နည်းလမ်း၊ ဖြေရှင်းလိုတဲ့စိတ်ဆန္ဒ ရှိကြဖို့လိုသလို တော်လှန်ရေးမထိခိုက်အောင် အချိန်မီပြင်ဆင်ဖို့လိုတယ်လို့ သူက တိုက်တွန်းပါတယ်။
လုပ်နည်းလုပ်ဟန်ကလည်း တော်လှန်ရေးနဲ့ သွေဖယ်မသွားအောင် အမြဲအသိ၊သတိနဲ့ ဖြေရှင်းတတ်ဖို့နဲ့ ပြသနာအရင်းအမြစ်အားလုံးဟာ စစ်အာဏာ သိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးအဆက်တွေ လို့ အသိပေးပါတယ်။
“ဒီစစ်အာဏာရှင်သာလျင် ကျနော်တို့ရဲ့ ဘုံရန်သူဖြစ်တယ်ဒီစစ်အာဏာရှင်ကို ကျနော်တို့အားလုံး အတူလက်တွဲပြီး တိုက်ပွဲဝင်ရမယ်ဆိုတာ အားလုံးမမေ့ဖို့လိုတယ်”လို့ KNA ဥက္ကဌက ပြောပါတယ်။
လက်ရှိ ကယန်းဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး စစ်တပ်ကမြေပြင်၊ဝေဟင်စစ်ဆင်ရေးလုပ်ဖို့ ပြင်နေတယ်လို့လည်းသူက ဆိုပါတယ်။
“ပင်လောင်း ဆောင်းပြောင်းဘက်ကနေ PNO(ပအိုဝ်းပြည်သူ့စစ်)နဲ့ စစ်တပ်က အင်အား ၃၀၀ လောက်နဲ့ ဆင်းလာတယ်။ပြီးတော့ ဖယ်ခုံ စကခ (အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် )ကနေ စစ်ကားတွေ မိုးဗြဲ ကို လာနေတာရှိတယ်”လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးကိုပြောပါတယ်။
ဖယ်ခုံမြို့နယ်၊မိုးဗြဲ မြို့မှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ မကြာခဏထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လတ်တလောအခြေအနေကို တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် မိဘပြည်သူတွေအားလုံး လုံခြုံရေးအထူးသတိထားကြဖို့ ခွန်းဗဟန်းထန်က တိုက်တွန်းပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် ဧပြီ ၂၄ ရက်က မိုးဗြဲမြို့ အနောက်ခြမ်းမှာ Mobye Local PDF နဲ့ အယ်လ်ဖာ စစ်ဒေသတပ်ဖွဲ့ဝင်အချို့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး လူတစ်ဦးချင်း၊အရပ်ဖက်အဖွဲ့အစည်းချင်း၊လက်နက်ကိုင်အဖွဲ့အစည်း အားလုံးက အဆိုးဖက်ကို တွန်းပို့စေမယ့် အရာမှန်သမျှကိုရှောင်ကျဉ်ပြီး အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ၊ တိုက်တွန်းမှုတွေ၊ ပူးပေါင်ဆောင်ရွက်မှုတွေ နဲ့ ဝန်းရံ ကြဖို့ KNA ဥက္ကဌက မေတ္တာရပ်ခံပါတယ်။
ဒါ့အပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ ကြိုးစားလုပ်ဆောင်နေတယ်လို့ ဥက္ကဌ ခွန်းဗဟန်းထန်က အသိပေးပါတယ်။
“စိတ်ဆန္ဒစောပြီး မမှားသင့်တာမမှားအောင်၊ အဆိုးဖက်ကို ပိုပြီးမရောက်သွားအောင် ကျနော်တို့ရဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့မျက်နှာ၊ ကိုယ်လက်င်္အဂါစွန့်လွတ်ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေရဲ့မျက်နှာ ၊ ပြည်သူတရပ်လုံးရဲ့မျက်နှာတို့ကို ထောက်ထားကြပြီး အပြောအဆို၊ အရေးအသား၊ လုပ်နည်းလုပ်ဟန် အားလုံစိတ်လိုက်မာန်ပါ မလုပ်ကြဖို့ ကျနော့်အနေနဲ့ နှိမ့်ချစွာ/ညှိုးငယ်စွာနဲ့ အထူးမေ့တ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်အရှုံးပေါ်အရှုံးဆင့် (Lose -Lose) ဖြစ်စေမယ့် ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ အထူးသတိထားရှောင်ကျဉ်ကြဖို့လိုသလို တစ်ဖက်ရန်သူ အကျိုးရှိစေမယ့်အရာများ ထပ်မလုပ်မိဖို့လည်း လိုပါတယ်” KNA ဥက္ကဌက ပြောပါတယ်။
ကယန်းအမျိုးသားတပ်မတော်(KNA)ကို ၂၀၂၄ အောက်တိုဘာ ၂၉ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မိုးဗြဲ၊ဖယ်ခုံ နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။
တစ်နှစ်အတွင်း KNA ရဲဘော် ခုနစ်ဦး ကျဆုံးပြီး ရဲဘော် ၃၀ကျော် ထိခိုက် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
















































