Connect with us

Hi, what are you looking for?

အတွေးအမြင်

မင်းအောင်လှိုင်ကို အိပ်မက်ဆိုး မက်စေမယ့် တော်လှန်ခေါင်းဆောင်ရဲ့သတင်းစကား

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

သျှိသျား ရေးသားသည်။

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဒီစကား ဘယ်သူပြောတယ်ထင်ပါသလဲ။

NUGအစိုးရအဖွဲ့ထဲကခေါင်းဆောင် ဒါမှမဟုတ် တိုင်းရင်းသား တော်လှန်​ရေးအဖွဲ့တွေထဲက ခေါင်းဆောင်တစ်ဦးတစ်ယောက်က ပြောခဲ့တဲ့စကား လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း ပြည်သူရှစ်ထောင်ကျော်ကိုရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပြောလိုက်တဲ့စကားပါ။

Public Service Announcement

Public Service Announcement

ဇူလိုင် ၃၁ ရက်နေ့တုန်းက သူ အဓမ္မစုဖွဲ့ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်အခြေပြဆိုတဲ့ မိန့်ခွန်း ပြောတဲ့အထဲ ဒီစကားကို ထည့်သွင်းပြောဆိုခဲ့တာပါ။ မင်းအောင်လှိုင် ဒီစကားကို ပြောထွက်ခဲ့တဲ့ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာပဲ သူ့လက်အောက်စစ်တပ်က သံတွဲမှာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးသုံးလုံးကြဲချလို့ တစ်နှစ်ခွဲ အရွယ်ကလေးငယ်အပါအဝင် လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ မလှိုင်နားက ဒဟတ်တန်း (တောင်)ရွာကို လေထီးနဲ့ လာရောက်ဗုံးကြဲလို့ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီရက်အလွန်နောက်တစ်ရက်ဖြစ်တဲ့သြဂုတ် ၁ ရက်နေ့မှာဆိုရင်လည်းမုံရွာမြို့ သစ်ညိုပင်ရွာ ဘုန်းကြီးကျောင်း အနီး တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်ငါးဦးအပါအဝင် ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲဒီမုံရွာမြို့နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကနီမြို့နယ်ထဲက ယာကြီးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေဟာ အထက်မှာပြောခဲ့သလို

“လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”ဆိုတဲ့စကားမင်းအောင်လှိုင်ပြောခဲ့တဲ့နေ့ပတ်ဝန်းကျင်က ဖြစ်စဉ်တချို့ကို ထုတ်နုတ်ပြထားတာပါ။ အဲဒီနေ့ရက်ရဲ့ ရှေ့နဲ့ နောက်ရက်တွေထဲ မှာလည်းအလားတူ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲချမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူ များစွာရှိခဲ့သလို အာဏာသိမ်းငါးနှစ်ကျော်ကာလအတွင်း မင်းအောင်လှိုင်ရဲ့လက်ပါးစေတွေကြောင့် သေဆုံး၊ ထိခိုက်ခဲ့ရတဲ့ပြည်သူ​ထောင်​သောင်းချီ ရှိ​နေပြီဖြစ်ပါတယ်။

ဒီလိုထိခိုက်၊ သေဆုံးဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှတ်တမ်းရယူနေတဲ့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(AAPP)က မင်းအောင်လှိုင်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနှစ် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ငါးနှစ်ခွဲကာလအတွင်း အတည်ပြုပြီးသေဆုံးသူ စုစုပေါင်း ၈၂၂၂ ဦးရှိပြီး အတည်မပြုနိုင်သေးတဲ့သေဆုံးသူဦးရေက စုစုပေါင်း ၅၂၅၀ ခန့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီတော့ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”ဆိုတဲ့ မင်းအောင်လှိုင်ရဲ့စကားအပေါ် ခပ်ရိုင်းရိုင်းတုံ့ပြန်ရရင် ခွေးပါးစပ်က နတ်စကားထွက်လေခြင်းလို့ ဆိုရပါလိမ့်မယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ယုတ်မာရက်စက်မှုက ဒီလောက်တင်တော့ မဟုတ်ပါဘူး။ ဒီငါးနှစ် ကျော်ကာလအတွင်း ဒေသအများအပြားက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ၊အပြစ်မဲ့ပြည်သူသုံးသောင်း ကျော်ကို ထောင်သွင်းအကျဉ်းချ နှိပ်စက်ညှဉ်းပန်းခဲ့တာ၊ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတိုင်းပြည်ထဲက လူငယ်လူရွယ်အများအပြားကို အဓမ္မစစ်တိုက်ခိုင်းရင်း သေဆုံးစေခဲ့တာ၊ ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်းစွာ နေထိုင်မရအောင်လုပ်ခဲ့တာ စတဲ့လုပ်ရပ်များစွာလည်း ရှိနေပါသေးတယ်။

နေဝင်းအာဏာသိမ်းကာလ၊ သန်းရွှေအာဏာသိမ်းကာလနဲ့ သူအာဏာသိမ်းခဲ့တဲ့ကာလတွေမှာ မတရားမှုကို ငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ပြည်သူလူထုကို ပညာရည်နိမ့်ကျလို့ အကြမ်းဖက်ခဲ့ကြတယ်ဆိုတဲ့ စကားလုံး တွေနဲ့လည်း ​စော်ကားမော်ကားပြုခဲ့ပါသေးတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူတွေကိုလက်နက်အားကိုးနဲ့အကြမ်းဖက်သတ်ဖြတ်ခဲ့တာဘယ်သူတွေလဲဆိုတာဖြစ်စဉ်၊ ဖြစ်ရပ်တွေကနေ သက်သေထူထားပြီးသားပါ။ ဒီသက်သေတွေဟာ ပေါက်ပန်းလေးဆယ်စကားလောက်နဲ့ ဖျောက်ဖျက်ရတဲ့အရာမျိုး မဟုတ်ပါဘူး။

ဒီနိုင်ငံမှာတကယ်အကြမ်းဖက်နေတာ၊ ပြည်ဖျက်နေတာ၊ နိုင်ငံကိုချောက်ထဲဆွဲချနေတာ ဘယ်သူတွေလဲဆိုတာ သမိုင်းနဲ့ ချီပြီး နောက်ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်းကြီးကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံဘာကြောင့်အခုလို ချွတ်ခြုံကျတဲ့အခြေအနေနဲ့ ကြုံနေရသလဲဆိုတဲ့အဖြေကိုသိချင်ရင် နိုင်ငံကိုစစ်အာဏာရှင်တွေဘယ်လောက်ကြာကြာအုပ်ချုပ်ချယ်လှယ်ကုပ်သွေးစုပ်ခဲ့သလဲဆိုတဲ့ကာလကိုပြန်လှန်ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။

အခုမင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါစစ်အုပ်စုဟာဘယ်လောက်အထိ ယုတ်မာရက်စက်သလဲဆိုရင် အထက် အညာဒေသမှာ လတ်တလောရေကြီးနစ်မြှုပ်နေချိန် ကူညီကယ်ဆယ်ရမယ့်အစား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေကိုပဲ အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်ရေဘေးသွားလှူမယ့်၊ ကူမယ့်သူတွေရဲ့ နေအိမ်တွေကိုလည်း ချိတ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြန်ပါသေးတယ်။

ဒီလိုမင်းအောင်လှိုင်နဲ့အပေါင်းအပါတို့ရဲ့ ယုတ်မာရက်စက်မှုတွေကို ဒီနေရာကနေ တကူးတက ဘာကြောင့် ဖော်ပြ နေရသလဲဆိုရင် ပြီးခဲ့တဲ့ဩဂုတ် ၁၀ ရက်ကကျင်းပခဲ့တဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားတဲ့ မိန့်ခွန်းကို တွေ့ရလို့ပါ။

အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာ တချို့လူ တွေက အာဏာရှင်စနစ် ခိုင်မြဲရှည်ကြာဖို့အတွက် ဒေါက်တိုင်များအဖြစ် ပူးပေါင်းကူညီနေတာကို တွေ့ရကြောင်း၊ ဒီလိုပါဝင်ကူညီနေသူများအားလုံး ရပ်တန်းကရပ်ကာ အမှန်တရားဘက်မှာ ရပ်တည်ကြဖို့ဆိုပြီး သတိပေးပြောဆိုထားတာဖြစ်ပါတယ်။

ဆိုခဲ့သလိုအာဏာရှင်စနစ်ခိုင်မြဲရေးဒေါက်တိုက်ပြုပေးနေသူတို့အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ယုတ်မာရက်စက်မှုတွေကို ထင်ရှားပြတ်သားစွာမြင်နိုင်ကြဖို့၊ ဒီလုပ်ရပ်တွေအပေါ် ရှုတ်ချပြီး အာဏာရှင်ချုပ်ငြိမ်းရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့အတွက် မီးမောင်းထိုးပြရခြင်းဖြစ်ပါတယ်။

ဒီရက်ထဲမှာပဲနောက်ထပ်သတိပြုမိတဲ့ မိန့်ခွန်းတချို့လည်းရှိနေပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့မှာ ပြောကြားတဲ့မိန့်ခွန်းပါ။

စစ်အာဏာရှင်အုပ်ချုပ်မှုမကုန်ဆုံးသရွေ့နိုင်ငံဟာ ငြိမ်းချမ်းရေးမရနိုင်သလို ဖွံ့ဖြိုးတိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းရမယ် လို့လည်း သူက ဆိုပါတယ်။

စစ်အာဏာရှင်ကျရှုံးဖို့၊ တော်လှန်ရေး အောင်မြင်ဖို့အတွက် ကျွန်တော်တို့နောက်ထပ် သိမှတ်လိုက်နာရမယ့်ပြောစကားတစ်ခုလည်းရှိနေပါသေးတယ်။အဲဒါကတော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ညီညီ ညွတ်ညွတ်၊ စည်းစည်းလုံးလုံး၊ ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြဖို့၊ တော်လှန်ရေးမှာ အဓိကအင်အားကလူထုဖြစ်တာကြောင့် လထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိဖို့ လိုအပ်ပြီး လူထုဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ် ကြဖို့ ဆိုပြီးဖြစ်ပါတယ်။

ဒီစကားကိုတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘော ကျော်ဟဲက ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အလားတူပဲပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း သြဂုတ် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ကိုပေးပို့တဲ့သဝဏ်လွှာမှာ“စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုသည်သာ အဓိကသော့ချက်ဖြစ်ပါသည်”ဆိုပြီးထည့်သွင်းပြောဆိုထားပါတယ်။

သြဂုတ် ၁၂ ရက်နေ့မှာကျရောက်တဲ့ ကရင်အာဇာနည်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာလည်း “မိမိတို့အနေဖြင့်လည်း ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းကာ ကရင်လူထု နှင့် ကရင်အာဇာနည် ခေါင်း ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မဟာမိတ်တော်လှန်ရေးအင်အားစု အားလုံးနှင့်အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်”လို့ ပြောဆိုထားပါတယ်။

တော်လှန်ခေါင်းဆောင်တွေဆီကလာတဲ့ ဒီသတင်းစကားတွေကို ကြည့်မယ်ဆိုရင် ထင်သာမြင်သာတွေ့ရမှာက ပြည်သူလူထုရဲ့ အသက်တွေ၊ဘဝတွေအပေါ် အချိန်နဲ့အမျှခြိမ်းခြောက်အန္တရာယ်ပြုနေတဲ့ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းရေးဆီကို စုပေါင်းဗဟိုပြုထားတဲ့ သတင်းစကားများဖြစ်တာကို တွေ့ရပါတယ်။

ဒီကာလထဲ စုဖွဲ့မှု အားတစ်ခုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဆိုတာကိုလည်း မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကောင်စီထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ပါဝင်ပြီး အဖွဲ့ဝင်တွေ ဆက်လက်တိုးချဲ့ပါဝင်နိုင်ရေး တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံကြိုးစားနေတယ်ဆိုတဲ့သတင်းစကား များလည်း ကြားသိရပါတယ်။

ဒီကောင်စီကနေ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့၊ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ တို့ကို စုဖွဲ့ပြီး စစ်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်လာနေတာကိုလည်း တွေ့ရပါတယ်။

ဒီလအစောပိုင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) တပ်မှူးကြီးများအစည်းအဝေးကို ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေလည်း ပြည်သူ့ ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို တက်လှမ်းနိုင်ရေးလုပ်ဆောင်သွားဖို့ ချမှတ်ခဲ့တယ်လို့လည်း ကြားသိရပြန်ပါတယ်။

ဒီသတင်းစကားတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ငါးနှစ်ကျော်ကာလအတွင်း ယုတ်မာရက်စက်မှုအပေါင်း သရဖူဆောင်းထားခဲ့တဲ့ အာဏာရှင်လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက် အိပ်မက်ဆိုးမက်ရမယ့် ကာလ မဝေးတော့ဘူးဆိုတဲ့ သတင်းပေးပို့ချက်ကိုရရှိလိုက်တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။