မေ-၁၈၊၂၀၂၆။မိုမို/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးမှာ စစ်တပ်က ရှေ့တိုးဖို့ကြိုးပမ်းလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတဲ့ ဒီးမော့ဆို့မြို့အထက်ခြမ်း ဒေါငံခါးကျေးရွာကနေ စစ်တပ်က ဒရုန်းတွေသုံးပြီး ရှေးတိုးဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
“သူတို့ ဒရုန်းတွေလာချတာတွေရှိတယ်။ပြီးရင် နည်းနည်းတိုးလာတာတွေရှိတယ်”လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒေါငံခါးကျေးရွာဟာ လွိုင်ကော်-ဒီးမော့ဆို လမ်းဆုံအနီးမှာရှိပြီး ဖရူဆိုမြို့နယ်ကိုက အခြေစိုက်တပ်တွေကို ချိတ်ဆက်ဖို့ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
“ဒေါငံခါးအခြမ်းက နည်းနည်းတိုးတယ်လို့ ပြောရမယ်။ဟိုတရက်က သူတို့မီးရှို့တဲ့နေရာနဲ့က ဟိုဘက် ဒီဘက် အားပြိုင်နေတဲ့နေရာပေါ့။သူတို့ မကျွံလာ အောင် ပူးပေါင်းအဖွဲ့တွေက ဝိုင်းကာတဲ့ အခြေ အနေရှိတယ်”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒေါငံခါးကျေးရွာက နှစ်သက်တမ်း (၆၀)ကျော်ရှိတဲ့ ဒေါငံခါးဘုရား ကျောင်းဝင်းက သီလရှင် ကျောင်းဆောင်တွေကို စစ်တပ်က မေလ ၁၃ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” မီးရှို့ခံရတဲ့ ဘုရားကျောင်းဝင်းထဲက သီလရှင်ကျောင်းက အဆောင်သုံးလုံးနဲ့ ထင်းဂိုဒေါင်တစ်လုံး မီးလောင်သွားတယ်။ အဲဒီအဆောင်တွေကလည်း ဘုရားကျောင်းတည်တာနဲ့ လပိုင်းပဲခြားပြီး ဆောက်ခဲ့တာပါ”လို့ ဒေါငံခါး ရွာခံတစ်ဦးက ပြောပါတယ်။
ဘုရားကျောင်းဆောင်တွေကို မီးရှို့တာက ဒီးမော့ဆို အခြေစိုက် ခလရ-၁၀၂ ၊ ခမရ-၄၂၇တပ်ရင်းနဲ့ စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ် တွေလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ်လပိုင်းမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဒီးမော့ဆိုမြို့ပေါ်က နေရာအများစုကို ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မြိုအနီးပတ်ဝန်းကျင်နေရာတွေမှာ အထိုင်ချတပ်စွဲ ပြီး စစ်ကြောင်းထိုးတာ၊လက်နက် ကြီးနဲ့ပစ်ခတ်မှုတွေ မကြာခဏ ရှိပါတယ်။
လက်ရှိမှာ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသအစပ်က မိုးဗြဲမြို့အနီးမှာလည်း တော်လှန် ရေးတပ်တွေနဲ့ စစ်တပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
















































