မေ-၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။
မေလ ၂၈ ရက် မနေ့က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၂)က စစ်မှုထမ်းတပ်သားသစ် ပြည့်စုံဆိုသူဟာ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE Pakokku ထံသို့ ဆက်သွယ်ပြီး အလင်းဝင်လာကြောင်း အဆိုပါ တပ်ဖွဲ့က အသိပေးပါတယ်။
“သူက စလင်းမြို့မှာ အလုပ်သွားရင်း ပေါ်တာအဆွဲခံရတာပါ။ သူက pageကနေ ဆက်သွယ်လာပြီး ထွက်ပြေးချင်လို့ ပြောလာတာပါ”လို့ COBRA ONE Pakokku တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီအလင်းဝင်တပ်သားကို ချုပ်နှောင်တင်းကြပ်ခြင်းမရှိဘဲ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးထားတယ်လို့ COBRA ONE Pakokku တပ်ဖွဲ့က ဆိုပါတယ်။
ခလရ(၂၅၂)တပ်တွင်းမှာ စစ်မှုထမ်းတပ်သားသစ်တွေကို ရခိုင်နယ်ဘက်သို့ ပို့ဆောင်နေပြီး တပ်အင်အားတွေမရှိတော့လို့ ပေါ်တာတွေ အတင်းလိုက်စွဲနေရကာ အတင်းအကြပ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်နေတယ်လို့ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း ပခုက္ကူမြို့၊ တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၂)တပ်မှ စစ်ကောင်စီတပ်သားနဲ့ စစ်မှုထမ်းတပ်သားတို့ ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့ပါသေးတယ်။


















































