Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ စပါးစျေးမရ၊ သွင်းအားစုစျေးကြီးလို့ လယ်လုပ်သူတွေနည်းလာ

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစပါးစိုက်ပျိုးမှု​လျော့နည်းလာပြီးမိုးစပါးစိုက်ဧက ၁၂ သိန်းကျော်အနက်ယခုနှစ်ဧက ၅ သိန်း​ကျော်သာစိုက်ပျိုးနိုင်ဟုလယ်သမားအ​​ရေး​ဆောင်ရွက်သူ​တွေ​ပြော

ပေါက်တောမြို့နယ်အတွင်းကလယ်ယာမြေများ။ ဓါတ်ပုံ-KM

ဇွန်-၂၊ ၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေးကောင်းမရတာဘဲ အရှုံး​ပေါ်တဲ့အတွက်ကြောင့်လယ်သမားတွေဟာစပါးစိုက်ပျိုးတာကို​လျှော့ချလာကြတယ်လို့ စပါးစိုက်​တောင်သူလယ်သမား​တွေက​ပြောပါတယ်။

လက်ရှိမှာလယ်ယာလုပ်ငန်းအတွက်အဓိကလိုအပ်တဲ့ ဓါတ်မြေဩဇာ အဖြူတအိတ်ကို ကျပ်တသိန်းခွဲ၊ သုံးဥစပ် ဓါတ်မြေဩဇာတအိတ်ကို ကျပ်လေးသိန်းခွဲဝန်းကျင်ထိ လယ်ယာသွင်းအားစု​ စျေး​တွေကြီးနေပါတယ်။ဒါ့အပြင် မြတ်နှုတ်၊ ကောက်စိုက်အလုပ်သမားခဟာ လည်း တရက်မှာ ကျပ်နှစ်သောင်းဝန်းကျင် စျေးရှိနေတာပါ။

လယ်ယာလုပ်ငန်းကထွက်တဲ့ စပါးစျေးကတော့ ပေါ်ဆန်းမွှေးတင်း၁၀၀ကို ကျပ် ၁၅ သိန်း၊ ဖျာပုံပေါ်ဆန်းမွှေး တင်း၁၀၀ကို ကျပ် ၁၄ သိန်း၊ စပါးကြမ်းတင်းတရာကို ကျပ် ၁၂ သိန်းဝန်းကျင်သာ စျေးရှိနေပြီး ဝယ်မယ့်သူလည်း ရှားတယ်လို့ ​တောင်သူအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လယ်ဧက တဆယ်ကျော်ရှိတယ်။ဒီနှစ် သုံးဧက လောက်ပဲလုပ်တော့မလို့၊ကိုယ့်မိသားစု ဝမ်းစာရအောင်ပဲ လုပ်တော့မယ်။ထွန်စက်နဲ့ ငှားထည့်ရတယ်။ကောက်စိုက်ဖို့ ငှားထည့်ရတယ်။ ကုန်ကျစရိတ်အားလုံးတွက်လိုက်ရင် မမြတ်တဲ့အပြင် ရှုံးပါရှုံးသေးတယ်။လယ်ဆိုတာလုံး၀မလုပ်လို့လည်း မရလို့သာ လုပ်နေရတာ” လို့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မင်းဘာကျေးရွာမှလယ်သမားတဦးက ပြောပါတယ်။

မင်းပြားမြို့နယ်ကြောင်ရှည်ချောင်းကျေးရွာမှ လယ်သမားတဦးကလည်းသူ့မှာရှိတဲ့ လယ်ဧက ၃၀ ကျော်ကို မလုပ်တော့ဘဲ ရွာမှာ ကုန်စုံဆိုင်ဖွင့်ပြီးပဲမိသားစုဝမ်းရေးဖြေရှင်းနေတယ်လို့ဆိုပါတယ်။

“လယ်မလုပ်တာဒီနှစ်နဲ့ဆိုသုံးနှစ်ရှိတော့မယ်။ အာဏာသိမ်းပြီးကတည်းက မကိုက်တော့တာ။ နှစ်နှစ် လုပ်လိုက် တာ နှစ်နှစ်လုံးရှုံးတယ်။ ရာသီဥတုကလည်း မမှန်တော့ဘူး။ လယ်တွေ ရောင်းလို့လည်း မစွံဘူး။အိမ်ဆိုင်လေးပဲ ဖွင့်ထားတယ်။ မိသားစုတစားစာ ရတယ်။ အပိုအလျှံမရပါဘူး။ ဒါပေမယ့် လယ်လုပ်လို့ရှုံးမယ့်အတူထိုင်ပဲထိုင်နေလိုက်တော့တယ်”လို့ကြောင်ရှည်ချောင်းကျေရွာမှ လယ်သမားက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိတဲ့အနက် အခုနှစ်မှာ စပါးစိုက်ကြမယ့်လယ်ယာမြေဟာ ဧက ၅ သိန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ ရခိုင်ပြည်နယ်အတွင်းက လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အ စည်းတွေက ပြောကြပါတယ်။

“မနှစ်ကထက်ဝက်မပြည့်ဘူး။ငါးသိန်းကျော်၊ ခြောက်သိန်းပဲရှိမယ်။ဒီနှစ်ကတော့ အဲဒီထက်တောင် နည်းမယ်ထင်တယ်။ငါးသိန်းလောက်ပဲရှိနိုင်တယ်။အလွန်အကျွံ ခန့်မှန်းတာပါဒီဟာက။ဒီရွာမှာလည်း လယ်လုပ်တဲ့သူ တွေ တော်တော်နည်းလာတယ်” လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်တုန်းက ရခိုင်ပြည်နယ်အတွင်းမှာမိုးစပါးကိုရာခိုင်နှုန်းပြည့်စိုက်ပျိုးခဲ့ကြပြီး စပါးတင်းတ ရာကိုလည်း ကျပ်သိန်း (၄၀) ဝန်းကျင်အထိ စျေးရခဲ့ကြပါတယ်။ဒါ့အပြင်သွင်းအားစုတွေဖြစ်တဲ့ဓါတ်မြေဩဇာဟာလည်းတသိန်းဝန်းကျင်သာ ရှိခဲ့ပြီး အလုပ်သမားခကလည်း ထောင်ဂဏန်းသာ ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ စကြုံခဲ့ကြရပြီး မြို့သိမ်း တိုက်ပွဲတွေစပြီးနောက် အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တဲ့အခါ ရခိုင်ဒေသထွက် စပါး၊ ဆန်တွေကိုပြည်မ နဲ့ ပြည်ပနိုင်ငံတွေဆီတင်ပို့မရတော့တာကြောင့် စပါးဝယ်ယူသူပိုနည်းလာပြီး စျေးမရကြတော့ဘူးလို့​​တောင်သူ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။

သတင်း

■ထိုင်းမှာအဖမ်းခံရပြီးပြန်ပို့စဥ်စစ်သားသစ်စု​ဆောင်းခံရသူနဲ့ မုံရွာမှာ​ပေါ်တာဆွဲခံရသူ​တွေဖြစ်

သတင်း

မြောက်ဦးနဲ့ပုဏ္ဏားကျွန်းကို လေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး၊ ၁၄ဦးဒဏ်ရာရ