ဩဂုတ်-၁၃၊၂၀၂၆။မေ/People’s Spring
စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေကပြောပါတယ်။
စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၃၃ ) အောက်မှာ ခလရ(၄)၊ခလရ(၁၁)၊ခလရ(၄၂)၊ခလရ(၇)၊ခမရ(၁၁)၊ ခမရ(၁၂)၊ခမရ(၁၃)၊ခမရ(၁၁၆)ခမရ(၁၁၉)၊ခမရ(၁၁၁) စတဲ့တပ်ရင်း(၁၀)ရင်းရှိပါတယ်။ အဲဒီတပ်တွေအားလုံးပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကိုင်း၊ကချင်နယ်စပ်ရှေ့တန်းတိုက်ပွဲ တွေက နေ နောက်တန်းတပ်ရင်းကိုပြန်လာခဲ့ကြပါတယ်။အဲဒီတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းကမြို့နယ်တွေနဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့နယ်တို့မှာ အ ခြေစိုက်ထားတာပါ။အဆိုပါစစ်ကြောင်းတွေဟာ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်တိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရသူတွေများခဲ့သလိုပြန်ဆုတ်စဥ်မှာ ရပ်ရွာတွေထဲကရေတွေကို အဆိပ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဆိုပါတပ်ရင်းတွေအခြေစိုက်ထားတဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ်အများစုမှာ ရေ ဘေးသင့်ကာပြည်သူ ၂၅ ဦးခန့် သေဆုံးခဲ့တာပါ။ ဒါပေမယ့် တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်ရင်း တွေဟာရေဘေး ကူညီကယ်ဆယ်ရေးမလုပ်ဘဲ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ပညာမွမ်းမံ သင်တန်း ဆိုပြီး သင်တန်း တွေပေး နေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။

Public Service Announcement
“အစကသင်တန်းပေးဖို့အစီစဉ်မရှိဘူးထင်တယ်။ရေဘေးတွေဖြစ်တော့မှရုတ်တရက်ကြီး သင်တန်းတွေတက်နေရတာ။အရာရှိတွေပါ မွမ်းမံသင်တန်းတက်နေရတယ်”လို့ စစ်တပ်မိသားစုဝင်တဦးကပြောပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ကျောက်ဖြူ ၊စစ်တွေ ၊မာန်အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် အခုအခါ AA က သိမ်းဖို့ကျန်နေတဲ့ စစ်တွေ နဲ့ ကျောက်ဖြူက စစ်တပ်စခန်းတွေ၊တပ်ရင်းတွေ ၊ဌာနချုပ်တွေကိုပါ သိမ်းပိုက်ဖို့ထိုးစစ်ဆင်နေပါတယ် ။ စစ်တပ်ကရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဒေသချင်းဆက်စပ်နေတဲ့ မကွေး ၊ပဲခူး ၊ဧရာဝတီ ၊ချင်းပြည်နယ်တွေကနေ တန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် စစ်တပ်စစ်ကြောင်းတွေပျက်ပြီး ရှေ့မတိုးနိုင်ဘဲတပ်လန်ကျနေတာဖြစ်ပါတယ် ။ ကျောက်ဖြူနဲ့စစ်တွေမှာလည်း တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်စစ်ကြောင်းတွေ အထိနာပြီးရှေ့မတိုးနိုင်ပါဘူး။
ဒါပေမယ့် စစ်တပ်က ရခိုင်ပြည်နယ် နဲ့ ဆက်စပ်ဒေသ တပ်အပြောင်းအလဲလုပ်လို့ပြန်ရောက်တဲ့စစ်ကြောင်းတွေကို အောင်ပွဲရစစ်သားတွေကို ကြိုဆိုတယ်ဆိုပြီး မကြာခဏဝါဒဖြန့်နေပါတယ် ။
စစ်ကိုင်းတိုင်းမှာရေဘေးကူညီရေးမလုပ်တဲ့ စစ်အုပ်စုဟာ ကူညီရေး သွားတဲ့ မန္တလေး မြို့ကပြည်သူတွေကိုစစ်ကိုင်းတံတားကနေ ပြန်လွှတ်ခဲ့သလိုအဖွဲ့အစည်းတွေကိုလည်းရုံချုပ်အထိစစ်ဆေးတာတွေပြုလုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကိုင်းတိုင်းမှာရေဘေးသင့်ပြည်သူနှစ်သိန်းကျော်ရှိပြီး ရေဘေးကြောင့် ကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေးရဲဘော်အချို့အပါအဝင် ၂၀ ကျော်သေဆုံးခဲ့ပါတယ် ။
စစ်ကိုင်းတိုင်းကရေဘေးသင့်မြို့နယ် ၁၇ မြို့နယ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့ကအရေးပေါ်တုန့်ပြန်ဆောင်ရွက် ရေးပူး ပေါင်း ကော်မတီကိုဖွဲ့စည်းကာ ကယ်ဆယ် ရေးလုပ်ငန်း တွေဆက်တိုက်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ NUG လက်အောက်ခံ ပသုံးလုံးနဲ့ PDF တွေ ၊သပိတ်အဖွဲ့တွေ ၊စစ်ဘေးရှောင်ကူညီပေးနေတဲ့လူမှုရေးအသင်းအဖွဲ့တွေ ၊ဒေသခံတွေက အရေးပေါ်ကယ်ဆယ်ရေးကို ဝိုင်းဝန်းလုပ်နေကြပါတယ်။စစ်တပ်က စစ်တပ်လက်အောက်ခံပျူစောထီးရွာအချို့ကိုသာကူညီတာရှိပြီး ရေဘေးသင့် ဒေသတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပါတယ် ။


















































