ဇွန် ၄၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။
နတ်မောက်မြို့နယ်မှာ PDF ရဲဘော်အဖြစ် အယောင်ဆောင်ကာ ဇနီးမောင်နှံအား ဓားနဲ့ တိုက်ခိုက်ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ သိန်းသန်းစိုးဆိုသူကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်မောက် ပကဖ) က ဖမ်းဆီးထားကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှ သိန်းသန်းစိုး ဆိုသူဟာ ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်ဇနီးမောင်နှံဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း၊ သူဟာ အမျိုးသားဖြစ်သူရဲ့ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ခဲ့ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
လည်ပင်းလှီးဖြတ်ခံရတဲ့ အမျိုးသားဟာအသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း၊ သိန်းသန်းစိုးဟာ ပြစ်မှုကျူးလွန်ပြီးနောက် သူ့ကိုယ်သူ နတ်မောက် PDF ဟု အယောင်ဆောင်ကာ TikTok လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ဒလန်လင်မယားကို သတ်ပစ်ခဲ့ကြောင်း၊ ဂွေးပင်ရွာမှာ တော်လှန်ရေးတပ်တွေရှိကြောင်းနဲ့
သတ္တိရှိရင် လာခဲ့ဖို့ စိန်ခေါ်တဲ့ ရုပ်သံနဲ့ စာသားတွေကို ရဲတင်းစွာ တင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီအောက်တန်းစားရဲ့လုပ်ရပ်ကြောင့် စခ တွေစစ်ကြောင်းထိုးလာပြီးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေလဲလုပ်ဆောင်သွားပါတယ်။ အခုချိန်မှာတော့တရားခံကို ကျနော်တို့နတ်မောက်ပြည်သူ့ကာကွယ်ရးတပ်နတ်မောက် ပကဖ မှဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်းဆက်လက်လုပ်
ဆောင်သွားမှာဖြစ်ပါတယ်”လို့ နတ်မောက်ပကဖက အသိပေးပါတယ်။
“သူက ဖားကန့်ကပြန်လာတာ ၂ လကျော်ကျော်ပဲရှိပါသေးတယ်။သူကဆိုရှယ်မီဒီယာကိုကောင်း
ကောင်းအသုံးချတက်တဲ့ကောင်ပါ။သူတင်တာတွေက ကျွန်တော်တို့ရဲဘော်တွေလုပ်ရပ်မျိုးမဟုတ်တော့အဖွဲ့တိုင်းက သတိထားပီးသူ့acc (အကောင့်)ကိုစောင့်ကြည့်နေကြတာပါ။”လို့ နတ်မောက်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူကလူထုနွေဦးကို ပြောပါတယ်။
ရုပ်သံမှတ်တမ်းမှာ ကျူးလွန်သူဟာ ၎င်းကျူးလွန်တာတွေကိုဝန်ခံထားပါတယ်။ဘာကြောင့်လုပ်တာလဲလို့ နတ်မောက်ပကဖ တာဝန်ရှိသူက မေးမြန်းတာတွေ့ရပြီး ဖြေဆိုတဲ့ရုပ်သံမှတ်တမ်း မတွေ့ရပါဘူး။
https://www.facebook.com/reel/1471779550849566
ရုပ်သံ – နတ်မောက် ပကဖ


















































