ဇွန်-၁၈၊ ၂၀၂၆။ =ထားမြတ်/People’s Spring
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဇွန်လ ၁၇ရက်သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက အသိပေးရာမှာ KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေဖြစ်တဲ့ ရွှေကူဒေသ စစ်ရေး အခြေအနေကို အသိပေးထားတာပါ။
ရွှေကူမြို့ပေါ် တပ်စွဲထားတဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၇၈)၊ (၄၁၆) တပ်ရင်း ပူးပေါင်း စစ်ကြောင်းဟာ ဇွန်လ ၁၆ရက်မှာ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဟာ စတားလင့်စက်တလုံးနဲ့ အခြားအသုံးအဆောင်တွေ ထားကာ ငါးဘတ်ကြီးရွာဘက် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ဇွန်လ ၁၆ရက်က သုံးခွကျေးရွာအနီး စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ရှမ်းမြောက် ငါးအိုဘက်က တက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ(၁၂၁) စစ်ကြောင်းဟာ သုံးခွရွာဘက် စစ်ကြောင်းလှုပ်ရှားလာတယ်လို့ ဆိုပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဇွန်လ ၁၆ရက်က ငါးအိုးရွှေကူအကြားတိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး သုံ့ပမ်းနဲ့လက်နက်ခဲယမ်း သိမ်းရတာရှိတယ်လို့ ပြောထားပါတယ်။
စစ်တပ်ဟာ ဒရုန်းတွေနဲ့ ဗုံးကြဲနေလို့ ဒေသတွင်းကျေးရွာတွေက ပြည်သူတွေဟာ ဘေးကင်းရာ တိမ်းရှောင်နေကြရကြောင်းလည်း အသိပေးပါတယ်။
စစ်တပ်ဟာ ရွှေကူမြို့နယ်ကို အင်အားတွေ ဖြည့်တင်းနေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
ငါးအိုးကနေ ရွှေကူမြို့ကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ မေလဆန်းကတည်းက KIAပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။


















































